လျှပ်စစ်ဝန်ထမ်းများအနေဖြင့် လက်ရှိအကြပ်အတည်းများကြားတွင်ပြည်သူလူထုနှင့်စစ်တပ်နှစ်ခုထဲမှတစ်ခုရွေးချယ်ရန်လိုအပ်ကြောင်း ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့မှဇူလိုင်လ၉ရက်နေ့တွင်ပြောကြားလိုက်သည်။
“ယခုအခါ ဖက်ဆစ်စစ်ကောင်စီသည် ပြည်သူပိုင်ငွေဖြင့်လည်ပတ်နေသော နိုင်ငံပိုင် ဓာတ်အားပေးလုပ်ငန်းများကို ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ပြုမူကာ “ ရောင်းသူ၊ ဝယ်သူ” လေသံဖြင့် ပြည်သူကို တရားဝင်စိန်ခေါ် ခြိမ်းခြောက်နေခြင်းဖြစ်သည်။
၎င်းတို့ လက်အောက်ရှိ ဓာတ်အားပေးလုပ်ငန်းများသည် ပြည်သူကို လုံးလုံးလျားလျားဆန့်ကျင်သွားပြီ ဆိုသည်မှာ ထပ်မံသက်သေပြစရာ မလိုအပ်တော့ပေ။
ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် မိမိတို့ထမင်းရှင် ပြည်သူနှင့် နိုင်ငံတော်အာဏာကို လုယူထားသော ဖက်ဆစ်စစ်အုပ်စု အကြားတွင်ရောက်ရှိနေပြီး ဘက်တစ်ခုခုကို ဆုံးဖြတ်ရွေးချယ်ရန် အလျှင်အမြန်လိုအပ်နေပြီ ဖြစ်သည်။”ဟု ဆိုသည်။
လက်ရှိအချိန်တွင်စစ်တပ်သည် မီတာခများပေးဆောင်ရန်အတွက် အပူတပြင်းဆောင်ရွက်လျက်ရှိနေပြီး မီတာခမပေးဆောင်သည့်အိမ်များကိုစစ်ကားများပါသည့်အဖွဲ့ဖြင့် မီးဖြတ်ခြင်းများကို မြို့နယ်အချို့တွင်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။
ဇူလိုင်၈ရက်နေ့ည၈နာရီသတင်းတွင်စစ်တပ်ဝါဒဖြန့်မီဒီယာတစ်ခုဖြစ်သည့်မြဝတီတွင် ပြည်သူများအနေဖြင့် ဓာတ်အားခများပေးချေမှသာ ဆက်လက်ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း၊ မပေးချေပါက ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပြီး အလှည့်ကျပေးရသည်အထိ ဖြစ်လာနိုင်ကြောင်းခြိမ်းခြောက်စာဆန်ဆန်ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် မီးဖြတ်ခြင်းများလုပ်ဆောင်နေသည်မှာကာလများစွာမဆောင်ထားသောအိမ်များကိုသာ ဖြတ်တောက်ခြင်းဖြစ်ကြောင်းသိရသည်။
“အခုမီးဖြတ်တောက်တယ်ဆိုတာက မီတာကာလရှည်ကြာမပေးဆောင်ရသေးတဲ့သူတွေကိုဖျက်တာပါ။သွားဖြတ်တဲ့အခါမှာ စစ်သားတွေပါတယ်ဆိုတာတော့မှန်ပါတယ်။တခြားကိစ္စတွေတော့ကျနော်တို့အများကြီးပြောလို့မရပါဘူး”ဟု အမည်မဖော်လိုသူလျှပ်စစ်ဝန်ထမ်းတစ်ဦးကMPAသို့ပြောသည်.
လက်ရှိအချိန်တွင်စစ်တပ်အနေဖြင့် ပြည်သူလူထုအကြပ်အတည်းဖြစ်ပေါ်လျက်ရှိနေသော မဖြစ်မနေအသုံးပြုရပြီး လိုအပ်လျက်ရှိနေသည့် လျှပ်စစ်ကဏ္ဍမှအခွန်ရရှိရေးအတွက် အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိနေခြင်းဖြစ်သည်။
ပြည်သူလူလုအနေဖြင့်လည်း စစ်တပ်အုပ်ချုပ်ခွင့်မရရှိရေးအတွက် ဆန့်ကျင်ဆန္ဒပြခြင်းများ၊CDMလှုပ်ရှားများ၊အခွန်မဆောင်သောလုပ်ဆောင်မှုများကိုဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။