ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ တပ်မဟာ (၁)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းပွဲကို ယမန်နေ့ (စက်တင်ဘာ၃ရက်)က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၀ရက် က စတင်ကျင်းပခဲ့ပြီး သင်တန်းကာလ ၄၅ရက်ကြာမြင့်ခဲ့သည်ဟု ဆိုသည်။
“ သင်တန်းကာလ အခက်အခဲကတော့ အစားအသောက်ပိုင်းကတော့ ခက်ခဲမှုရှိတယ်။နောက်ပြီး မိုးတွင်းဆိုတော့ သင်တန်းသားတွေ နေထိုင်မှုအပိုင်းမှာ မိုးကာဖျင်နဲ့နေရတာဆိုတော့ အခက်ခဲရှိတယ််။ သင်တန်းဝတ်စုံ မလုံလောက်တဲ့အခါ အစိုတွေပြန်ဝတ်ပြီး လေ့ကျင့်ရတာဆိုတော့ ကျန်းမာရေးပိုင်းထိတာမျိူးတွေရှိတယ်” ဟု CNO/CNDFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPAသို့ပြောသည်။
အဆိုပါသင်တန်းကို CNO/CNDF ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၁ရှိ NA Campတွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတက်ရောက်သူ ၁၉ဦးရှိခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲကို CNDF၏ တပ်မဟာမှူး၊ တပ်ရင်းမှူးများတက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်များမှ သွေးသစ္စာသီချင်း ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
CNDFအနေဖြင့် သင်တန်းဆင်းရဲဘော်များအား လိုအပ်နေသော ဌာနအသီးသီးတွင် သက်ဆိုင်ရာတာဝန်များကို ပေးအပ်သွားမည်ဟု စုံစမ်းသိရှိရသည်။





