စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ဆွန်တလာကျေးရွာနှင့် ရမ်ထလိုကျေးရွာများသို့ Chin National Defense Force (CNDF) မှ သြဂုတ် ၂၇ ရက်နေ့တွင် အလှူငွေသွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ၊ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ဖလမ်းမြို့စစ်ကောင်စီသည် ဆွန်တလာကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ထမ်ထလိုကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ဆွန်တလာကျေးရွာမှ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရမ်ထလိုကျေးရွာမှ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး၊ နေအိမ် ၅ လုံး၊ ဘုရားကျောင်းနှင့် ရေကန်တို့ ပျက်စီးဆုံးရှုံးခဲ့သည်။
“တပ်မဟာ (၂) နယ်မြေအတွင်းမှာ ရှိတဲ့အတွက် တပ်မဟာ (၂) က ဦးစီးပြီး ရမ်ထလိုကျေးရွာနဲ့ ဆွန်တလာကျေးရွာက ဆုံးရှုံးနစ်နာမှုအတွက် အလှူခံထားတာရှိတယ်။ အလှူခံလို့ရထားတဲ့ဟာတွေကို သွားပေးကြတယ်။ အိမ်ပျက်စီးတဲ့သူတွေရယ်၊ ဒဏ်ရာရတဲ့သူတွေ၊ ဘုရားကျောင်း၊ ရေကန် အဲဒီလို ပေးဖြစ်ကြပါတယ်။ အားလုံးပေါင်းတော့ သိန်း ၉၀ ကျော်ပါ”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPA သို့ ပြောသည်။
ရမ်ထလိုကျေးရွာသည် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရပြီး ပြည်သူများအနေဖြင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရသည်ဟု သိရသည်။
“စိုးရိမ်မှုနဲ့ နေနေကြရတာပါ။ ပခုလည်း ရွာသူရွာသား သုံးရာနဲ့ လေးရာကြားဟာ တောင်ယာတွေမှာ ရှောင်နေကြတုန်းပဲ။ ရွာထဲ ပြန်မနေရဲကြသေးဘူးဗျ”ဟု ဆလိုင်းကျုံးငိုင်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရမ်ထလိုကျေးရွာမှ ဘုရားကျောင်း၊ ရေကန်နှင့် နေအိမ်များ ပြန်လည်ပြုပြင်နိုင်ရေး အတွက်ကိုမူ အလှူငွေများစွာ လိုအပ်လျက်ရှိ သေးကြောင်း စုံစမ်းသိရှိရသည်။







