By MPA
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် စစ်တပ်သတင်းပေး ဒလန်ဟု နာမည်ထွက်နေသူသုံးဦးမှာ သေနတ်ဖြင့် ပစ်ခံရ၍ မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က MPAကို အတည်ပြုပြောဆိုခဲ့သည်။
” ဒီနေ့ (ဇူလိုင် ၆ရက်) ၁၁နာရီလောက်က သူ့ကိုဆိုက်ကားပေါ်မှာတင်ပြီးထွက်သွားတယ်။ ခေါင်းကိုရှပ်ထိတာ မြို့အုပ်စု ၂လမ်းထိပ်မှာ အပစ်ခံရတာလို့ကြားတယ်။ မသေဘူး။ အခုဆေးရုံမှာ” ဟု ရပ်ကွက်နေသူတစ်ဦးကဆိုသည်။
လှည်းကူးမြို့၊ ရိပ်သာရပ်ကွက် ၊မြို့မအုပ်စုက ကြံ့ခိုင်ရေးရပ်ကျေးဥက္ကဌဟုဆိုသူ ဦးထွန်းဝင်းဟာ ဇူလိုင် ၆ ရက် ယနေ့ နေ့လည်ပိုင်းတွင် မြို့အုပ်စု လမ်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့၏ သေနတ်ဖြင့် ပစ်ခြင်းကိုခံခဲ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“ ဒါနဲ့ဆို ဒီရက်ပိုင်း ၃ယောက်ရှိပြီ အပစ်ခံရတာ။ ဟိုနေ့က တစ်ယောက်က ပါးချိုင့်နေရာကို ထိသွားတာပေါ့။ သွားနဲ့ နားရွက်ကြားနေရာမှာ သူက နည်းနည်းစိုးရိမ်ရတယ်ပြောတယ်။ နောက်တစ်ယောက်က ကျောကုန်းကို ထိသွားတယ်။ နှစ်ယောက်ကတော့ နှစ်ရက်ဆက်တိုက် ဖြစ်တာ။ တစ်ချက်စီ ပစ်ခံရတာပေါ့“ ဟုဒေသခံတစ်ဦးက ထပ်မံရှင်းပြသည်။
ဇူလိုင် ၃ရက်နေ့ လှည်းကူးမြို့ ရိပ်သာရပ်ကွက် ရန်ကင်း၆လမ်းနေ ရပ်ကွက်ရာအိမ်မှူး ဦးအောင်ဌေးနိုင်သည် ညနေ ၅နာရီခွဲကျော်အချိန်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျောကုန်း ထိခိုက်ဒဏ်ရာကာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး လှည်းကူးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄င်းတို့လက်ချက်ဖြစ်ကြောင်း ယင်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင် ထုတ်ပြန်ထားသည်။
ဇူလိုင် ၄ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့၌ လှည်းကူးမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရုံးအကူ ကိုအောင်အောင်ဆိုသူမှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပါးသို့နားရွက်ကိုထိကြောင်း သိရသည်။
ဆေးရုံနဲ့နီးစပ်သူများအပြောအရ အဆိုပါပစ်ခတ်ခံရမှာ လက်ရှိတွင် တာမွေ(နား၊နှာခေါင်း၊လည်ချောင်း)ဆေးရုံကို လွှဲပြောင်းကုသမှုခံယူနေရကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် အကြမ်းဖက်စစ်တပ်နှင့်ရဲများသည် လမ်းသွားလမ်းလာဆိုင်ကယ်များကို စစ်ဆေးရှာဖွေမှုများ ပြလုပ်နေကြောင်းသိရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူငယ်များက လှည်းကူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇွန်လ ၂၁ တွင် စတင်ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီးနောက် ဒလန်ဟု နာမည်ကျော်သူများ ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။