စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် လမ်းမဘေးထောင်ထားသည့် မိုင်းအား CNO-UCR နှင့် CNDF ရဲဘော်များက ယမန်နေ့၊ သြဂုတ် ၁၃ ရက် ညနေ ၇ နာရီခန့်တွင် သွားရောက်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့မြောက်ပိုင်း၊ တာဟန်းရပ်ကွက်နှင့် လက်ပံချောင်းရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းမဘေး ညောင်တောရွာအဝင်တွင် အဆိုပါ မိုင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“Remote control နဲ့ ထိန်းထားတဲ့မိုင်းတစ်လုံး ရွာသားတွေက ကျတော်တို့ဆီမှာ အကြောင်းလာကြားတာကြောင့် ကျတော်တို့ မိုင်းဆရာတွေနဲ့ သွားဖြုတ်ခဲ့တယ်။ ဘယ်အဖွဲ့ထောင်လဲ ဆိုတာတော့ ပြောဖို့ခက်တယ်”ဟု CNO-UCR ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက MPA သို့ ပြောသည်။
အဆိုပါမိုင်းသည် ကတ္တရာလမ်းမ၏ဘေး တစ်ပေအကွာခန့်တွင် ထောင်ထားခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လမ်းသွားသည့်အခါ လမ်းဘေးကပ်၍ မသွားကြရန်နှင့် လမ်းဘေးအပေါ့အပါးသွားခြင်းကို ရှောင်ရှားကြရန် CNO-UCR က သတိပေးထားသည်။
“လုံခြုံရေးပိုင်းတော့ အခက်ခဲမရှိဘူး။ စခတွေလည်း မြို့ထဲကင်းမလှည့်ရင် စခန်းထဲမှာနေကြတယ်လေ”ဟု ဆလိုင်းလျန်ပီးက ဆက်ပြောသည်။
သြဂုတ်လ ၈ ရက်နေ့ကလည်း အဆိုပါ လမ်းမကြီးဘေးရှိ ညောင်တောရွာသင်္ချိုင်းအနီးတွင် နွားကျောင်းသွားသည့် ဒိုးဝိုင်းချောင်းရွာသား ၃ ဦး မိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။


