ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နေ့၊နံနက် ၆နာရီခန့်ကစတင်ပြီး နေပြည်တော်၊ ပျဉ်းမနား အရှေ့ဘက်မိုင် သုံးဆယ်အကွာရှိ ဘို့မသံတောင်မှ စစ်ကောင်စီစစ်စခန်းတစ်ခုအား KNLA ဦးဆောင်သည့် PDFပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ပြောသည်။
“ စခန်းသိမ်းတိုက်ပွဲဖြစ်တာပါ။အဲ့စခန်းမှာက စစ်သား ၁၂ကောင်ရှိတယ်။ ၈ကောင်သေပြီး ၄ကောင်လွတ်သွားတယ်ပေါ့။အဲ့အချိန် ပြဒါးချောင်းဘက်က လာတဲ့ စစ်ကူစစ်ကားတစ်စီးကို သာလီကျေးရွာအကျော် ကျောက်တစ်လုံးကွေ့မှာ မိုင်းဆွဲလိုက်တာ စစ်သား ၆ကောင်သေပြီး ကျန်တဲ့လူတွေပြန်ဆုတ်သွားတယ်။ကားလဲတော်တော်ထိသွားပါတယ်” ဟု ၎င်းက ပြောသည်။
ဘို့မသံတောင်မှ စစ်ကောင်စီစစ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ဦးထက်မနည်းသေဆုံးကာ စခန်းတစ်ခုသိမ်းခံလိုက်ရသည့်အတွက် ယမန်နေ့ နံနက် ၁နာရီခန့်က ဘို့မကန်ရွာ၊ ဖလာရွာနှင့် ဘို့မအထက်ရွာတို့ကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ စခန်းသိမ်းတိုက်ပွဲပြီးကတည်းက စစ်ရေးပြင်းထန်နေတာပေါ့။အသိမ်းခံရတဲ့ စကစ စခန်းကို ပြန်ရဖို့ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတုန်းပါ။သူတို့ပြန်မရသေးပါဘူး။ဒေသခံတွေကို လေကြောင်းနဲ့ ဗုံးကြဲတာလဲ မှန်ပါတယ်။” ဟု ၎င်းက ပြောသည်။
အထက်ပါစခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီးKNU တပ်မဟာ ၂၊သံတောင်မြောက်ပိုင်းအထူးဒေသတပ်ရင်း/တပ်ဖွဲ့၏ တရားဝင်သတင်းထုတ်ပြန်ချက်ကိုမစောင့်ဘဲ သတင်းဖြန့်ဝေခြင်းကြောင့် စစ်ရေးထိခိုက်မှုများရှိခဲ့ကြောင်း စခန်းသိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့သည့် မြေပြင်ရဲဘော်တစ်ဦးက MPAမှ တဆင့်မေတ္တာရပ်ခံခဲ့သည်။
“ စစ်ရေး မငြိမ်သေးဘဲ အသံကြားတာနဲ့ မတင်ကြပါနဲ့ ။အဲ့လိုလုပ်လို့ လေယဥ်နဲ့ လာအပစ်ခံရတာမျိုးတွေ အထိဖြစ်လာတာပါ။စခန်း သိမ်းတာအမှန်ပါ။နေပြည်တော်နဲ့ ကပ်နေလို့ နားလည်ပေးကြပါ။အခုတော့ စစ်ရေးပြင်းထန်နေပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ အဓိကအခြေစိုက်မြို့ဖြစ်သည့် နေပြည်တော် အနီး ယခုနှစ်၊ဩဂုတ်လ ၁၀ရက်နေ့မှ စတင် ကာ ယနေ့အထိတိုက်ပွဲများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ဘို့မသံတောင်စခန်းအနီးရှိ ဘို့မအထက်၊ဘို့မအောက်၊တဲစု၊ရေပူလေး၊ ရေပူတောင်၊တောင်မြင့်ရွာမမှ ပြည်သူများ ရေနီမြို့နှင့် အောင်နန်းချိုကျေးရွာများသို့ စစ်ဘေးရှောင်ကာ လာရောက်ခိုလှုံနေကြကြောင်း ဒေသခံများ ထံမှသိရသည်။
စစ်ကောင်စီ၏ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲမှုများကြောင့် ပျဥ်းမနားအရှေ့ဘက် ဘို့မအထက်ကျေးရွာရှိနေအိမ်များ ပျက်စီးသွားကာ အသက်ဘိုးဘွားတစ်ဦးသေဆုံးခဲ့ရသလို စစ်ကောင်စီတပ်ဖွဲ့များက ပြည်သူတစ်ချို့ကိုလည်း ဖမ်းဆီးကာ လူသားဒိုင်းပုံစံမှု ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။



