By MPA
မြင်းခြံမြို့တွင် ပျူစောထီးအဖွဲ့၏လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ကျုရှင်ဆရာလင်မယားအသတ်ခံရမှုတွင် စစ်သားများပါ ပါဝသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သတ်တဲ့ကိစ္စမှာ ပျူစောထီးတစ်ခုထဲမဟုတ်ဘူး ။စစ်သားတွေလည်းပါတယ်။ကျနော်တော့ ဒီလောက်ပဲပြောပြနိူင်ပါတယ်”ဟု ပျူစောထီးအဖွဲ့မှ အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
မြင်းခြံမြို့ အမှတ် ၂၀ ရပ်ကွက် (ချောင်းဒေါင်း)တွင်နေထိုင်သည့် ပုဂ္ဂလိကကျောင်းအထက်တန်းပြဆရာ၅၅ နှစ်အရွယ်ဦးမိုးဟိန်းနှင့် ဇနီးသည်ဒေါ်စုစုလှိုင်တို့သည်ဇူလိုင်လ၂ရက်နေ့ညပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်ခြင်းခံရပြီး ၎င်းတို့သေဆုံးခြင်းမှာမိမိတို့လက်ချက်ဖြစ်ကြောင်းစစ်တပ်ကျောထောက်နောက်ခံအဖွဲ့တစ်ခုဖြစ်သည့် ပျူစောထီးအဖွဲ့ကကြေညာသည်။
ပျူစောထီးအဖွဲ့ကမြင်းခြံဒေသခံ၃၈ဦးကိုအမည်ထုတ်ပြန်ခြိမ်းခြောက်ထားပြီး အဆိုပါစာရင်း၌ပါဝင်သည့်ကျောင်းဆရာဇနီးမောင်နှံသည် ၆ရက်အကြာတွင် ထိုသို့ပစ်ခတ်ခံရခြင်းဖြစ်သည်။
ပျူစောထီးအဖွဲ့မှာ စစ်အာဏာသိမ်းပြီး သုံးလအကြာမေလဆန်းပိုင်းတွင်စစ်တပ်ကျောထောက်နောက်ခံဖြင့် ပေါ်ပေါက်လာပြီး စစ်မှုထမ်းဟောင်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တို့နှင့်ဆက်စပ်နေသူများပါဝင်ပြီးပျူစောထီးအဖွဲ့ကို စစ်တပ်မှ တောတောင်များတွင် အကြမ်းဖက်စစ်သင်တန်းများပေးခဲ့ကြကာ ၎င်းတို့၏ဝတ်စုံမှာ ရေတပ်ကဲ့သို့မိုးပြာရောင်ဖြစ်ကြောင်းသိရှိရသည်။