မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ဂန့်ဂေါခရိုင်တပ်ရင်းအမှတ် (၁၅၊ ၁၆၊ ၁၇)-YRA (ထီးလင်း)မှ မြေပြင်လိုအပ်ချက်အရ ဆက်သွယ်ရေးသင်တန်းကို လေးပတ်ကြာ သင်တန်းပေးအပ်ခဲ့ကြောင်းသိရသည်။
“၇ လပိုင်း ဒုတိယအပတ်လောက်ကနေ စပြီးသင်တန်းပေးခဲ့တာ။ မနေ့က သင်တန်းဆင်းပွဲကျင်းပခဲ့တယ်။ ဘာဖြစ်လို့ ပေးဖြစ်ခဲ့တာလဲဆိုရင် ကျတော်တို့စစ်မြေပြင်မှာ ရှေ့တန်းတို့ သွားတဲ့အခါကျရင် ဆက်သွယ်ရေးက အရေးကြီးလို့။ ကျတော်တို့ရဲ့ စကားပြောစက်တွေဟာ လုံခြုံမှုမရှိတဲ့အတွက် သတင်းပေါက်ခဲ့ရင်တောင်မှ ကျတော်တို့ကိုယ်ပိုင် စကားဝှက်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးသင်တန်းကို ပေးဖြစ်ခဲ့တာပါ”ဟု YRA (ထီးလင်း) ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်ယောနိုင်က MPA သို့ ပြောသည်။
သင်တန်းဆရာများသည် ရခိုင့်တပ်တော် (AA) တွင် သင်တန်း ၆ လ သွားရောက်တက်ခဲ့ပြီးနောက် CDF နှင့် ယောဒေသမဟာမိတ်တပ်ဖွဲ့များသို့ အလှည့်ကျ သင်တန်းပေးနေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ဆက်သွယ်ရေးသင်တန်းကို YRA တပ်ရင်း ၃ ရင်းရှိ ရဲဘော်များ၊ ကျေးရွာပကဖ တာဝန်ရှိသူများနှင့် ဆက်သွယ်ရေးတာဝန်ယူထားသူများမှ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။
“အခက်အခဲကတော့ ပြောလောက်အောင်ကြီး မရှိခဲ့ပါဘူး။ ကိုယ့်စခန်းနဲ့ကိုယ် သိုသိုသိပ်သိပ်လေး လုပ်လိုက်တော့တာကိုး”ဟု ဗိုလ်ယောနိုင်က ဆက်ပြောသည်။
ဆက်သွယ်ရေးသင်တန်းဆင်းပွဲကို ယမန်နေ့ သြဂုတ်လ၊ ၈ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး သင်တန်းသားများ၏ ကြိုးစားအားထုတ်မှုအပေါ် မူတည်၍ ပထမ၊ ဒုတိယ စသည်ဖြင့် ထူးချွန်ဆုများ ပေးအပ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။




