ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၏ အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၈ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစစ်ပညာသင်တန်း၊ အပတ်စဥ် (၂) ကို CNDF၊ တပ်မဟာ ၂ နယ်မြေအတွင်း ဇွန်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ၄၅ ရက်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်သည်။
“အခြေခံစစ်ပညာသင်တန်းကတော့ (၄၅) ရက်ပါ။ CNDF တပ်မဟာအတွင်းမှာ အခြေခံစစ်ပညာ သင်တန်းပေးပြီးတာကတော့ အပတ်စဉ်(၂) အထိ ရှိပြီ”ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက MPA သို့ ပြောသည်။
CNDF အနေဖြင့် သင်တန်းကာလအတွင်း မိုးရာသီဖြစ်သည့်အတွက် နေရာထိုင်ခင်း ခက်ခဲခြင်းနှင့် အစားအသောက်ခက်ခဲခြင်းများကို ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
“အခု သင်တန်းပြုလုပ်တဲ့နေရာက မိုးတွင်းဆို ၂၄ နာရီ မြူပိတ်ပြီး စိုစွတ်နေတာ။ မိုးကာတဲဆိုတော့ စောင်တွေ၊ အဝတ်အစားတွေ စိုစိနေတာက အတော်ခက်တယ်။ အတော်နဲ့လည်း မခြောက်ဘူး။ သင်တန်းသားတွေအနေနဲ့ အဝတ်အစားတွေ မှိုစွဲတာကြောင့် အရေပြားရောဂါ (ယားနာ) လိုမျိုး ဖြစ်တတ်ကြတယ်။ အဝတ်အစား၊ ယူနီဖောင်းလဲစရာ မရှိတာမျိုး အခက်ခဲတွေတော့ရှိပါတယ်”ဟု ဆလိုင်းကျုံးငိုင်းက ဆက်ပြောသည်။
သင်တန်းဆင်းပွဲတွင် သွေးသစ္စာဆိုခြင်းနှင့် သက်လုံအကောင်းဆုံးဆု၊ စံပြဆု၊ လက်ဖြောင့်ဆုဟူ၍ တစ်ဦးချင်း ထူးချွန်ဆုများကို ပေးအပ်ခဲ့သည်ဟု သိရသည်။
“သင်တန်းပြီးဆုံးသွားတဲ့ ရဲဘော်တွေအနေနဲ့ သူတို့နဲ့သင့်တော်တဲ့ ဌာနတွေမှာ အလုပ်ဝင်ကြမှာပါ။ ရှေ့တန်းသွားမယ့်သူတွေ ပါသလို။ နောက်တန်းကနေပြီး ဖြည့်ဆည်းပေးမယ့်သူတွေလည်း ရှိပါမယ်”ဟု ဆလိုင်းကျုံးငိုင်းက ဆက်ပြောပြသည်။
နွေဦးတော်လှန်ရေးသည် ပြည်သူ့တော်လှန်ရေးဖြစ်သည်နှင့်အညီ ပြည်သူတွေမပါဝင်၍ မဖြစ်သည့်အတွက် တော်လှန်ရေးကာလ ကြာလာသည့်အပေါ် ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ကြံ့ကြံ့ခံ ပါဝင်ပေးကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆက်လက်ထောက်ပံ့ပေးကြပါရန် CNDF မှ တောင်းဆိုထားသည်။




