ရန်ကုန်မြို့ရှိ မြို့နယ်တချို့တွင် ရာသီတုပ်ကွေးများအဖြစ်များနေပြီး ကူးစက်မှုနှုန်းများ မြင့်တက်နေကြောင်း ရန်ကုန်မြို့ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။
“တုပ်ကွေးတွေက ကူးနေတာ အရမ်းများတယ်။ အိမ်နီးနားချင်းတွေ ဖျားနေလို့ သတင်းသွားမေးရင်းနဲ့ အခုကိုယ်ပါကူးလာတာ။ ကိုက်လက်တွေလည်း ကိုက်ခဲပြီး မလှုပ်ချင်ဘူး။ ဆေးခန်းသွားပြတော့ တုပ်ကွေးလို့ပြောပြီး ဆေးထိုးတာရယ် သောက်ဆေးတွေရယ် ပေးလိုက်တယ်။ ဆေးတွေက တအားပြင်းတော့ လူက နုံးချည့်ပြီး မခံနိုင်ဘူး။ အစားလည်း စားချင်စိတ်က မရှိဘူး။ ဘာစားစားလည်း အရသာမတွေ့တော့ မစားချင် အစာလည်းမရှိဘဲ ဆေးသောက်ရတော့ ဆေးပြင်းပြီး လူက ပိုခံရသလိုပါပဲ”ဟု ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်မှ ဒေသခံသတင်းအရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် တုပ်ကွေးကူးစက်မှုများသည် မြန်ဆန်လွန်းပြီး တုပ်ကွေး ဖြစ်နေသူ တစ်ဦးမှတဆင့် ကူးစက်ပြန့်ပွားနေကာ မိသားစုလိုက်များ ဖျားနာခြင်းများရှိနေကြောင်းလည်း ဆိုသည်။
“ရာသီအပြောင်းအလဲဖြစ်တော့ တုပ်ကွေးတွေအဖြစ်များကြတယ်။ တချို့တွေလည်း မိသားစုလိုက်တွေ ဖြစ်ကြတာမျိုးရှိတယ်။ ကလေးတွေ ဖျားလို့ လုပ်ပေးရင်း မိဘတွေပါ ထပ်ဖြစ်တာပေါ့။ တုပ်ကွေးကတော့ သူ့သဘောသဘာဝအတိုင်း ကိုယ်လက်တွေကိုက်မယ်။ နှာစေးပြီး ချောင်းဆိုးမယ်။ လည်ချောင်းတွေလည်း နာမယ်။ နောက် ကိုယ်ပူပြီးတော့ နုံးချည့်နေပြီး အန်တာတွေနဲ့ အစားအသောက်ပျက်တာတွေအထိဖြစ်နိုင်တယ်။ ကိုယ်ခံအားမကောင်းရင်တော့ အဖျားရက်ရှည်မယ်။ အဲ့ဒါကြောင့် ခံနိုင်ရည်ရှိအောင် အားရှိမယ့် အစားအစာတွေကို စားပြီး မဖြစ်အောင် ကြိုတင်ကာကွယ်ရသင့်တာပေါ့”ဟု ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးက ပြောသည်။
ယင်းအပြင် ရာသီတုပ်ကွေးရောဂါသည် နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ တဆင့် ကူးစက်သည့် ရောဂါဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် လူအများစုဝေးရှိနေသည့် နေရာများအား ရှောင်ရှားပြီး မဖြစ်မနေကိစ္စရပ်များ ရှိမှသာလျှင် သွားလာလှုပ်ရှားရန်အတွက်လည်း ၎င်းဆရာဝန်က တိုက်တွန်းပြောကြားထားသည်။
“အိမ်က သမီးအငယ်လေးက ပထမ ၂ ရက်လောက်က စဖျားတယ်။ အကြီးလေးကလည်း သူ့ညီမလေးဖျားနေလို့ လန်းအောင်ဆိုပြီး ဆော့ပေးနေရင်းနဲ့ အကြီးပါထပ်ကူးတာ။ အငယ်လေးလည်း အခုထိမသက်သာဘူး။ အကြီးကလည်း အခုထိဖျားနေတုန်းပဲ။ ဆေးခန်းပြတော့ နှစ်ယောက်စလုံး တုပ်ကွေးလို့ ပြောတယ်။ သွေးလွန်တုပ်ကွေးဖြစ်မှာ ကြောက်လို့ မေးတော့ သွေးလွန်တုပ်ကွေးတော့ မဟုတ်ဘူးတဲ့။ ရိုးရိုးတုပ်ကွေးပဲလို့ ပြောတယ်။ အားရှိတဲ့အစာတွေကို သေချာလေးကျွေးပြီး ဆေးပုံမှန်တိုက်ရင် သက်သာလာမယ်တော့ပြောတယ်။ ဆေးတွေကလည်း ကလေးတွေနဲ့တောင် မလိုက်ပါဘူး။ အရမ်းလည်းများပြီး ပြင်းတယ်။ ကိုယ်က မိဘဆိုတော့ သားသမီးဇောနဲ့ဆိုတော့ နေမကောင်းမဖြစ်ရဲဘူး။ ကိုယ်ပါဖြစ်ရင် ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူးလေ”ဟု ရန်ကုန်မြို့မှ မိခင်တစ်ဦးက ပြောသည်။
လက်ရှိချိန်တွင် ရန်ကုန်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရပ်ကွက်များရှိ ရေမြောင်းများမှာလည်း ရေများ မစီးဆင်းသဖြင့် ရေများဝပ်နေကာ ခြင်များလည်း ပေါက်ဖွားမှုနှုန်းမြင့်တက်နေကြောင်းလည်း ရန်ကုန်မြို့မှ သတင်းရင်းမြစ်များထံမှ သိရသည်။
“အကောင်းဆုံးကတော့ ဘယ်ကလေးတွေမှ ဘာရောဂါမှ မဖြစ်တာအကောင်းဆုံးပါပဲ။ ကျမဆို နှစ်တိုင်း ဒီအချိန်တွေရောက်ရင် ခံနိုင်ရည်မရှိဘူး။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကမှ သမီးလေးက သွေးလွန်တုပ်ကွေးနဲ့ ဆုံးထားတာ။ ရိုးရိုးဖျားတယ်ထင်ပြီး ပေါ့မိတဲ့ ကိုယ့်အပြစ်ပေါ့။ သမီးလေးက ၆ နှစ်သာသာပဲ ရှိသေးတာ။ အရမ်းတွေကို အဖျားတွေတက်ပြီး ကလေးက ခေါ်မရတော့မှ လန့်ပြီး ပါရမီဆေးရုံကိုပြေးတာ။ ဟိုရောက်တဲ့အထိတော့ အသက်ရှိသေးပေမယ့် သွေးတွေလည်း တအားလိုပြီး ကလေးက ခံနိုင်ရည် လုံးဝမရှိတော့ နောက်ဆုံးအသက်ပါ ပါသွားတာပေါ့။ ကျမကတော့ ကျမအတွေ့အကြုံကြောင့် ကလေးတွေရှိတဲ့ မိဘတွေကိုဆို ကလေးတွေ ဖျားရင် မပေါ့ဆကြဖို့ အမြဲပြောဖြစ်တယ်။ လူကြီးတောင် ရိုးရိုးဖျားရင် ၃ ရက်လောက် ခံရတာ တုပ်ကွေးဆိုလည်း ခံရတာ အလူးအလဲပဲလေ။ ကလေးတွေက ပိုဆိုးမှာပေါ့” ရန်ကုန်မြို့ မြောက်ဥက္ကာပမြို့နယ်မှ သွေးလွန်တုပ်ကွေးရောဂါကြောင့် သမီးဖြစ်သူအား ဆုံးရှုံးလိုက်ရသည့် မိခင်တစ်ဦးက ပြောရသည်။
ရန်ကုန်မြို့တွင် ဇူလိုင်လဆန်းပိုင်းက စတင်ကာ ရာသီတုပ်ကွေးများ ဖြစ်ပွားမှုများနေပြီး ဆေးရုံ၊ ဆေးခန်းများတွင် လူနာများ အပြားအများနှင့် ပြည့်နေသလို တုပ်ကွေး၊ အဆုတ်ရောင်လေပြွန်ရောဂါများလည်း ဖြစ်ပွားနေသောကြောင့် ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများကဲ့သို့ ကာကွယ်ကုသနေရကြောင်းလည်း ရန်ကုန်မြို့ရှိ ဆရာဝန်များထံမှ သိရသည်။