By – MPA
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေး မောင်မျိုးထက်ကို အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ အကြမ်းဖက်စစ်တပ်တခု ဖြစ်သော လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၁၈ မှ ဖမ်းဆီးခေါ်ဆောင်ထားသည်မှာ ၂ ပတ်ကျော် ကြာပြီဖြစ်ကြောင်း တိုက်ကြီးမြို့ခံ တချို့ထံမှ သိရသည်။

မြေယာ အငြင်းပွားမှု့မှ စတင်ပြီး တိုက်ကြီးမြို့နယ် အပိုင် ပဲခူးရိုးမအစပ်ရှိ ဝက်လူးတောင်တွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးက စစ်တပ်ကို တိုင်ကြားသဖြင့် ၃၀၁၈ တပ်မှ တပ်ရင်းမှူး ကိုယ်တိုင် ဦးဆောင်ပြီး ပဲခူးရိုးမရှိ ဘဲအမြီးတောင်အထိ စစ်သား ၅၀ ခန့်ဖြင့် ယခုလ ၁၂ ရက်နေ့က ဆင်းလာကြောင်း တိုက်ကြီးမြို့ပေါ်ရှိ မြို့ခံတဦးက ပြောသည်။
“ ဖြစ်တာက တောင်ယာသမား ဦးအောင်နိုင်ခေါ် နဂါးကြီးနဲ့ ဘုန်းကြီးနဲ့ မြေလုရာက ဓားခုတ်မှုဖြစ်တယ်။ ဘုန်းကြီးက သေလောက်တဲ့ ဒဏ်ရာတော့ မရဘူး။ အဲ့ဒါ စစ်တပ်ကို တိုင်တယ်။ စစ်တပ်က ဆင်းလာပြီး နဂါးကြီးကို လာဖမ်းတယ်။ မတွေ့တော့ အကြီးဆုံး ၁၄ နှစ်သမီး၊ အလတ် ၁၁ နှစ်သားနဲ့ အငယ် ၉ နှစ်သားကို ဖမ်းသွားတယ်။ အလတ်ကို လက်ရှိအထိ ခေါ်ထားပြီး ကျန် ၂ ယောက်ကို လွှတ်ပေးလိုက်တယ်။ သွားတောင်းတော့ နဂါးကြီး ကိုယ်တိုင်လာမှ ပြန်ထည့်ပေးမယ်လို့ တပ်ရင်းမှူး ကိုယ်တိုင် ပြောတယ်လို့ ကျနော် သိထားရတာပဲ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကလေးကိစ္စနှင့် ပက်သက်ပြီး မိသားစုနှင့် နီးစပ်သူ တချို့ထံ တယ်လီဖုန်းဆက်သွယ်ရာ ကြောက်ရွံ့ပြီး ၎င်းတို့ကိုယ်တိုင် ရှောင်ပုန်းရာ နေရာကို စစ်တပ်မှ သိမည့် စိုးရိမ်သောကများကို ပြောပြရုံကလွဲ၍ ဖြစ်စဥ် အသေးစိတ်ကို စုံစမ်းမရပေ။
လေကြောင်းရန် ကာကွယ်ရေးတပ် ၃၀၁၈ သည် ပဲခူးရိုးမကို နောက်ခံထားပြီး တိုက်ကြီးမြို့နယ် ထဲတွင် ရှိနေသော တပ်တခုဖြစ်ကြောင်း Google Map မှတဆင့် မြင်တွေ့ရသော ကောင်းကင်ဓာတ်ပုံများအရ သိရသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖမ်းဆီးမည့်သူများ မရ၍ မိသားစုဝင်များ၊ ကလေးအရွယ် သားသမီးများကို ဓားစာခံအဖြစ် ဖမ်းဆီးထားမှုများတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် လုပ်ရပ်များ မပြုလုပ်ပဲ စစ်တပ်နှင့် နီးစပ်သူ ပုဂ္ဂလိက အကြောင်းအရာဖြင့် စစ်တပ်ကို တိုင်တန်းသည့် အမှု့အခင်းများလည်း အများအပြား ရှိနေသည်။
အထူးသဖြင့် ဥပဒေကို လက်နက်ဖြင့် အာဏာတည်ရန်၊ လူထုကို ထိပ်လန့်စေရန် တည်ဆဲဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ လူ့အခွင့်အရေး ချိုးဖောက်မှု့ အများအပြား ပါဝင်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည်သူများက အစဥ်တစိုက် ဝေဖန်လျှက်ရှိသည်။
ဓာတ်ပုံ – CJ
#တိုက်ကြီး #ကလေးငယ်ကိုဓားစာခံဖမ်း #စစ်ကောင်စီ #လေကြောင်းရန်ကာကွယ်ရေးတပ် #MPA