By MPA
အသက် ၁၀ နှစ်အောက် ကလေးငယ်များအနေဖြင့် အစိုးရတရပ်ရပ်ကို ဖြစ်စေ၊ အာဏာသိမ်းအစိုးရကို ဖြစ်စေ ဆန့်ကျင်သည့် လှုပ်ရှားပြုလုပ်မှုနှင့် ပက်သက်ပြီး ဖမ်းဆီးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း တရားရေး ကျွမ်းကျင်သူ တချို့မှ မှတ်ချက်ပြုသည်။

မန္တလေးတိုင်း မိုးကုတ်မြို့တွင် ဆိုင်းဘုတ်ကိုင်ဆန္ဒပြသည်ဟု ဆိုကာ အကြမ်းဖက် စစ်တပ်၏ ဖမ်းဆီးခြင်းခံထားရသည့် ၄ နှစ်အရွယ် မိန်းကလေး၏ ကိစ္စနှင့်ပက်သက်၍ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ဥပဒေနှင့် ညီညွတ်မှု့မရှိကြောင်း သူ၏ Facebook တွင် ရေးသားခဲ့သည်။
“ မိုးကုတ်မြို့က ကိုစိုးဌေးရဲ့ ၄ နှစ်သမီးလေးကို ဆိုင်းပုတ်ကိုင် ဆန္ဒပြမှုနဲ့ စစ်တပ်က ဖမ်းသွားတာ ဘယ်အခြေအနေ မသိပါဆိုတဲ့ ဓာတ်ပုံနဲ့ တကွ Facebook သတင်း တက်လာတာ အခုတွေ့လိုက်လို့ စိတ်ထိခိုက် ဝမ်းနည်းရတယ်။ ၇ နှစ်အောက် ကလေးရဲ့ ပြုလုပ်မှု့က ပြစ်မှု့မမြောက်လို့ ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားတယ်။ NLD အစိုးရ လက်ထက်မှာ ၁၀ နှစ်အောက်လို့ တိုးမြှင့်ပြဌာန်းခဲ့တယ်။ စစ်တပ်က ဖမ်းထားတာ ဥပဒေနဲ့ မညီညွတ်လို့ ချက်ချင်းလွှတ်ဖို့ တောင်းဆိုတယ်” ဟု သူက ရေးသားထားသည်။
ထိုကလေးငယ်၏ အခြေအနေနှင့် ပက်သက်ပြီး မည်သို့ဖြစ်နေသည်ကိုလည်း ကာယကံရှင်များ ကိုယ်တိုင် မသိရကြောင်း မိသားစုနှင့် နီးစပ်သူတချို့ထံ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ၎င်းတို့ကို ကန့်ကွက်ဆန္ဒပြသူ အများအပြားကို ဖမ်းဆီး ထောင်ချနေသလို့ ရှောင်တိမ်းရသူများကို ဖမ်းမမိလျှင် ၎င်းတို့၏ မိသားစုဝင်များကိုပါ ပစ်မှတ်ထားကာ ဖမ်းဆီးထားခြင်းတွင် အသက်မပြည့်သေးသည့် ကလေးငယ်များပါမကျန် ပြုလုပ်နေသည်။
ထို့အပြင် စစ်ကောင်စီ၏ စစ်ခုံရုံးက ဥပဒေအရ တရားဝင်ချေပခွင့်၊ ရှေ့နေဖြင့် တရားရင်ဆိုင်ခွင့် မရပဲ သေဒဏ်ချမှတ်ခံရသူ ၆၇ ယောက်တွင်ပင် အသက်မပြည့်သည့် ကလေးငယ်များပင် ပါဝင်နေသည်။
Photo- CJ