
by MPA
နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ COVID -19 ကူးစက်မှုမြင့်တက်နေသဖြင့် ကျောင်းတက်သူနည်းပါးသည့် စာသင်ကျောင်းအချို့ ပြန်လည် ပိတ်ထားကြောင်း သတင်းရရှိသည်။
ကျောင်းတက်ရောက်သူနည်းပါးသည့် ကျောင်းအချို့တွင် ကျောင်းသားမိဘများက ကလေးများ ရောဂါကူးစက်မည်စိုးရိမ်၍ ကျောင်းမပိူ့ကြတော့ဘဲ ကျောင်းတက်သူမရှိသဖြင့် ဆရာမများကလည်း ကျောင်းမဖွင့်တော့ဘဲ ပိတ်ထားခြင်းဖြစ်သည်။
“ အခုက ပိုးတွေ့တာ တော်တော်များနေပြီလေ။ ထိန်းချုပ်နိုင်ပြီလားဆိုတာလည်း မသေချာတော့ ကျွန်မတို့မိဘတွေဘဲ ညှိပြီး ကျောင်းမပို့တော့တာ။ အခုစစ်ကောင်စီက တရားဝင်ပိတ်တာတော့ မဟုတ်ဘူး။ ဆရာမတွေကလည်း ကျောင်းတက်သူမရှိတော့ ကျောင်းတွေမဖွင့်တော့ဘဲ ပိတ်ထားကြတာ” ဟု နေပြည်တော်မှ ကျောင်းသားမိဘတစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီက အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်တတိယလှိုင်း ပြင်းထန်နေသည့်ကြားမှ ဇွန်လ ၁ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံတဝှမ်းရှိ အခြေခံပညာ ကျောင်းများလုံးကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ဇွန်လ ဒုတိယပတ်ကစတင်၍ မြို့နယ်တချို့တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လတတိယပတ်အတွင်း လက်ပံတန်း၊ ကလေး၊ နေပြည်တော်၊ မြောင်းမြ၊ ဖလမ်း၊ တီးတိန်၊ ဟားခါးမြို့များအပါအဝင် ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုများပြားလာခဲ့သည်။
မြန်မာနိုင်ငံတစ်ဝှမ်းစာသင်ကျောင်းများကို ဇွန်လ ၂၅ ရက်နေ့မှစ၍ ပိတ်မည်ဟု လတ်တလော သတင်းများထွက်ပေါ်နေသော်လည်း တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
“ တချို့ကျောင်းတွေကတော့ ကိုယ့်အစီအစဥ်နဲ့ကို ပိတ်ကုန်ပြီ။ ကျွန်မတို့ကျောင်းကတော့ တက်နေရတုန်း။ ပိတ်တော့ပိတ်စေချင်တာပေါ့။ အခုအခြေအနေက အရင်လိုမဟုတ်တော့ ကူးပြီဆိုရင် ထိန်းနိုင်ဖို့မလွယ်ဘူး။ ပိတ်မယ်လို့တော့ကြားတယ်။ ဒါပေမယ့် အခုထိတော့ တရားဝင်စာထွက်လာတာတော့မရှိသေးဘူး” ဟု နေပြည်တော်ရှိစာသင် ကျောင်းတစ်ခု၏ ကျောင်းဆရာမ တစ်ဦးက ပြောသည်။
အခြေခံပညာကျောင်းများအနေဖြင့် မူလတန်း၊ မူလွန်ကျောင်းများအား ပုံမှန်ကျောင်းတက်ကျောင်းဆင်းချိန်အတိုင်း ဖွင့်လှစ်ထားပြီး အလယ်တန်းနှင့်အထက်တန်းကျောင်းများအား မနက်ပိုင်းနှင့် နေ့လည်ပိုင်းခွဲ၍ ဖွင့်လှစ်နေကြောင်း သိရသည်။
စာသင်ကျောင်းများ ပိတ်ဖို့ အစီအစဥ် ရှိမရှိအား အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများအား MPA အနေဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ဇွန်လ ၂၂ ရက်နေ့အထိ COVID- 19 အတည်ပြုလူနာသစ် ၁၀၀ ကျော်ရှိနေပြီး ဇမ္ဗူသီရိမြို့နယ်အတွင်း မစိုးရိမ်စာသင်တိုက်မှ သံဃာအပါး ၇၀ ကျော် အစုလိုက် ကူးစက်ခံထားရကြောင်း သိရသည်။
#COVID-19 #စာသင်ကျောင်း #နေပြည်တော် #MPA
Photo – MPA