
By MPA
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များကို ထောက်ပံ့သည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ အငြိမ်းစား ကျောင်းဆရာကြီး ဦးတင်မြင့်စိုး၏မိသားစုအား စစ်ကောင်စီက ဇွန်လ ၂၁ ရက်နေ့တွင် မိသားစုတစ်စုလုံးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ရွာလုံးကျွတ် မီးလောင်ဖျက်ဆီးခဲ့သည့် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာမှ မီးဘေးသင့်ပြည်သူများအတွက် ဆရာကြီး ဦးတင်မြင့်စိုးမိသားစုက အသတ်အထည်နှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရန် ထုပ်ပိုးနေစဥ် ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်များရောက်ရှိလာပြီး PDF များကို ထောက်ပံ့ဖို့ လုပ်ဆောင်သည်ဟုစွပ်စွဲကာ မိသားစုတစ်စုလုံးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ ကင်းမရွာက မီးဘေးသင့် ပြည်သူတွေအတွက်လှုဒါန်းဖို့ ထုပ်ပိုးထားတဲ့ ပစ္စည်းတွေပါ။ PDF အတွက် မဟုတ်ပါဘူး။ ကလေးအဝတ်စားတွေ၊ ဖိနပ်တွေ၊ ငါးခြောက်တွေနဲ့ ဆန်တွေ။ ဒါတွေပဲ ပါပါတယ်။ အဲဒါကို အကြမ်းဖက်စစ်ကောင်စီက မိသားစုလိုက် ဝင်ဆွဲသွားပြီး ၄ နှစ် သမီးလေးပါ ဖမ်းဆီးသွားတာ။ ပြီးတော့ PDF ကိုထောက်ပံ့နေတယ်ဆိုပြီး MRTV က မဟုတ်မမှန် သတင်းလွှင့်တယ်” ဟု မုံရွာ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခံထားရသူ ၈ ဦးမှာ ဆရာကြီး ဦးတင်မြင့်စိုး၊ ကိုအောင်ချမ်းဝင်း၊ ကိုဟန်ဇင်ထွန်း၊ ကိုဇော်မျိုးထွန်း၊ ချစ်ထွန်း (ခေါ်)ဇေကြီး၊ မအိအိမွန်၊ မငြိမ်းငြိမ်းအိနင့် ဒေါ်ကြည်ကြည်ဝင်းအပြင် ၄ နှစ်အရွယ်သမီးလေးပါ ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ ကလေးကိုတော့ မနေ့က ပြန်လွှတ်ပေးတယ်။ ကျန်တဲ့မိသားစုဝင်တွေ အကုန်ဖမ်းထားတယ်” ဟု မုံရွာမြို့ခံက ပြောသည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ စစ်ကိုင်းတိုင်း၏မြို့တော် မုံရွာမြို့တွင် စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခြင်း၊ ရိုက်နှက်ညှဥ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခြင်းနှင့် တရားစွဲဆိုထောင်ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
#မုံရွာ #ဆရာကြီး #ဦးတင်မြင့်စိုး #PDF #ကင်းမရွာ #MPA