မြန်မာ့ရိုးရာ လက်ဝှေ့သမား တူးတူး (နဂါးမာန်) သည် စစ်ကောင်စီထံတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့ကာ သေဆုံးခဲ့သည်မှာ လွန်ခဲ့သည် ၃ လကတည်းကဖြစ်ကြောင်း လက်ဝှေ့အသိုင်းအဝန်းနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
“သေခဲ့တာက ကြာပြီ။ လွန်ခဲ့တဲ့ ၃ လလောက်တည်းက အခုမှသာ ရဲစခန်းက မိသားစုကိုခေါ်ပြီး အတည်ပြုတာပေါ့”ဟု လက်ဝှေ့အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးသည် လူငယ် ခြောက်ဦးနှင့်အတူ ၂၀၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မကွေးတိုင်း မင်းဘူးမြို့ခရိုင်၊ စကုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားခဲ့ရပြီး တစ်နှစ်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးသည် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ထွက်ပြေးရန်ကြိုးစားစဉ် ပစ်ခတ်ခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဧပြီလအတွင်းက ကောလဟလများအဖြစ် ထွက်ပေါ်ခဲ့သော်လည်း ယင်းကာလတွင်ပင် သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း လက်ဝှေ့အသိုင်းအဝန်းနှင့် နီးစပ်သူ နောက်ထပ်သတင်းအရင်းအမြစ်တစ်ဦးက MPA သို့ ပြောသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ကျော် တူးတူးသည် မကွေးတိုင်း၊ ဆင်ဖြူးကျွန်းမြို့တွင် ၁၉၉၀ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ မွေးဖွားခဲ့ပြီး သေဆုံးချိန်တွင် အသက် ၃၂ နှစ် ရှိပြီဖြစ်သည်။
၎င်းသည် ၂၀၁၇ ခုနှစ်က မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်ခဲ့သလို လက်ရှိချိန် သေဆုံးချိန်အထိလည်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သည်။