By – MPA
စစ်ကိုင်းတိုင်းဒေသကြီး ပေါက်မြို့နယ်အတွင်းရှိကင်းမရွာကို အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်မှ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ရာ သက်ကြီးရွယ်အိုတချို့ မီးရှို့ခံရပြီး သေဆုံးခဲ့ကြောင်း ပေါက်ဒေသခံတချို့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်များ ရောက်လာသည့်အတွက် ရွာရှိပြည်သူများက ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ရိက္ခာများနှင့်အတူ ထားခဲ့ပြီး တိမ်းရှောင်ထွက်ပြေးခဲ့ကြသည်။
ထို့နောက် အကြမ်းဖက်စစ်တပ်သည် တရွားလုံးရှိ နေအိမ်များကို ယနေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် မီးတိုက်ခဲ့ပြီး အိမ်စောင့်ကျန်ရစ်သူများကိုပင် အဆိုပါရှို့မီးထဲ ပစ်ထားခဲ့သည်ဟု ပေါက်မြို့ပေါ်ရှိ ပရဟိတ အဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။
“ မြို့နဲ့ အဲ့ရွာက တော်တော်လေး လှမ်းတယ်။ မီးရှို့ခံရတယ် ကြားတယ်။ သက်ကြီးရွယ်အိုတွေ မီးထဲပါသွားတယ်ကြားတယ်။ အဲ့ဒီဘက်က လူတွေနဲ့ အဆက်သွယ် မရသေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် အဆိုပါ ကျေးရွာ ဒေသခံများ ထွက်ပြေးနေရသည့်အတွက် မီးထဲပါသွားသူ မည်မျှရှိသည်ကို အတည်ပြုရန် ခက်ခဲနေဆဲ ဖြစ်သည်။
အဆိုပါ ကျေးရွာ သတင်းကို လူမှု့ကွန်ယက် Facebook တွင် မြင်တွေ့ရပြီး မိမိ၏ သူငယ်ချင်းနေထိုင်သည့်ရွာ ဖြစ်သဖြင့် သူငယ်ချင်းဖြစ်သူထံ ဆက်သွယ်ရာ အဆိုပါ သူငယ်ချင်း၏ အဖွားသည် မီးလောင်ခံရမှုတွင် ပါဝင်ခဲ့ကြောင်း ရှမ်းပြည်နယ်၊ မူဆည်မြို့နေ ဒေသခံတဦးက ၎င်း၏ လူမှု့ကွန်ယက်တွင် ရေးသားခဲ့သည်။
“ သူငယ်ချင်းက တော်တော်နဲ့ မဖြေနိုင်ဘူး။ ငိုနေရှာတယ်။ သူတို့တရွာလုံး ပြာကျသွားပြီ။ မီးထဲ မပြေးနိုင်တဲ့ အဖိုး၊ အဖွား၊ မသန်စွမ်းသူတွေ ပါသွားတယ်တဲ့။ နင်ရော အဆင်ပြေလားဆိုတော့မှ သူ့အဖွားပါ ပါသွားမှန်း သိရတယ်” ဟု ရေးသားထားသည်။
ထိုသို့ မီးလောင်မှု့တွင် မီးသတ်သမားများ အနေဖြင့် မီးထွက်ငြှိမ်းရန် မီးသတ်စခန်းရှေ့တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်မှ တားမြစ်ထားခြင်းကြောင့် ယခုလို လူသေဆုံးရပြီး တရွာလုံး ပြာကျခဲ့ခြင်းဖြစ်ကြောင်း ပေါက်မြို့ မီးသတ်စခန်းမှ CDM ပြုလုပ်ထားသည့် လက်ထောက်မီးသတ် ဦးစီးမှူး ဦးရန်နောင်ထွန်းက ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။
မီးသတ်သမားတယောက် ဖြစ်ပြီး မီးသတ်ခွင့်မရှိ၊ လုံခြုံရေးအရ ထွက်မငြှိမ်းရဲဟု မပြောသင့်ကြောင်း၊ မိမိတို့၏ ဆုံးရှုံးရမှု့ကို ငြှိမ်းသတ်ရန် လာသူများအပေါ် မည်သည့်ပြည်သူကမှ၊ မည်သည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ကမှ တားမြစ်ရန်ရှာမည် မဟုတ်ဟု ၎င်းက ဆိုသည်။
“ ကိုယ့်ရဲ့ Major ဆိုထားတဲ့ သစ္စာတွေအတွက် မီးလောင်ရင်တော့ သတ္တိရှိရှိ ထွက်ငြှိမ်းကြစမ်းပါဗျာ။ မီးငြှိမ်းရင်း အသက်ပေးဖို့တောင် ဝန်မလေးကြတဲ့ မီးသတ်သမားတွေရဲ့ ဂုဏ်သိက္ခာကို လူမဆန်တဲ့ အမိန့်တွေကြောင့် အကျမခံကြပါနဲ့” ဟု ၎င်းက ဆက်ဆိုသည်။
ယခုလို အကြမ်းဖက်စစ်တပ် လုပ်ခဲ့ခြင်းသည် ပေါက်မြို့နယ် ကြည့်ငိုတောင်တွင် ၎င်းတို့၏ သတင်းပေးတချို့ အသတ်ခံရခြင်းနှင့် ပက်သက်မည်ဟု ယူဆရကြောင်း ပေါက်မြို့နယ် ဒေသခံ ပြည်သူများက ယူဆကြသည်။