ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့မြို့နယ်မှာ ဇွန်လ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စခန်းသိမ်း တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ်သာမက ကပ်လျက်မြို့နယ်တွေဖြစ်တဲ့ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်က ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်တွေဟာ ထိုင်းဘက်ခြမ်းအပါအဝင် မယ်စဲ့မြို့နယ် ထိုင်းနယ်စပ်အနီးမှာ ခိုလှုံနေသူတွေရှိသလို နီးစပ်ရာ တောတောင်ထဲမှာ ပိတ်မိနေသူတွေလည်းရှိပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲမှာသာမက လူနေကျေးရွာနဲ့ စစ်ရှောင်တွေနေထိုင်တဲ့နေရာကိုလည်း လေကြောင်းတိုက်ခိုက်တာကို ကြုံခဲ့ရတဲ့ စစ်ဘေးရှောင်တွေဟာ လုံခြုံတဲ့နေရာ လိုအပ်နေပြီး စားဝတ်နေရေး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
မယ်စဲ့မြို့နယ်မှာ မယ်စဲ့မြို့မရဲစခန်းနဲ့ စစ်တပ်စခန်းကုန်း ၅ ခုကို ကလလတ၊ KA၊ KNDF၊ KNU၊ PDF၊ KRU တို့ပါဝင်တဲ့ ကရင်နီတပ်ပေါင်းစုက သိမ်းယူနိုင်ခဲ့ပါတယ်။
မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာနဲ့ ဘောလခဲမြို့နယ် ရွာသစ်မြို့မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ်ရင်းနှစ်ခုကတော့ မိခင် ကလလတ အဖွဲ့နဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး လက်ရှိမှာတော့ အဲဒီနေရာတွေကို စစ်ကောင်စီတပ်က ပြန်ယူထားပါတယ်။