ထိုင်းနိုင်ငံ မဲဆောက်တွင် ယခု ဂျူလိုင်လဆန်းပိုင်းမှ စတင်ကာ ကားလိုင်စင်သက်တမ်းများ၊ ဆိုင်ကယ်လိုင် စင်များနှင့် နေထိုင်ခွင့် အထောက်အထားများ ရှိ၊ မရှိ စစ်ေဆေးခြင်းများ အထူး စီမံချက်အနေနှင့် လုပ်ဆောင် ရန် ရှိနေကြောင်း မဲဆောက်ရောက် မြန်မာအသိုင်းအဝန်းထံမှ စုံစမ်းသိရသည်။
“ကျွန်တော်ဆို ရဲကဒ်နဲ့ နေနေတာ ကားမောင်းတော့ ကားလိုင်စင်ကဒ်ပါ လုပ်ထားရတယ်။ ဒီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့က ပိတ်ရက်ဆိုတော့ လိုင်စင်သက်တမ်းတွေက တိုးမရဘူး။ ၂ ရက်နေ့က အဖမ်းခံရတော့ ပိတ်ရက်မို့ တိုးမရဘူး ပြောတယ်။ အခုတော့ လွတ်ပေးလိုက်မယ်။ နောက်ရက်ကျ မရတော့ဘူး လိုင်စင်ရှိပြီး ရဲကဒ်နဲ့ ကားတို့ ဆိုင်ကယ်တို့ မောင်းမရတော့ဘူး။ passport တို့ CI တို့ တရားဝင်ကဒ်တို့ ရှိမှရမယ်။ အခုတော့ ၆ ရက် နေ့ထိ မောင်းလို့ရသေးတယ်။ ၆ ရက်နေ့ နောက်ပိုင်းကစပြီး ဖမ်းမယ်လို့ ပြောပြီး ပြန်လွတ်လိုက်တယ်” ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူ ကိုသက်က MPA သို့ အသိပေး ပြောပါသည်။
စီမံချက်နှင့် ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည့် အခြေအနေနှင့် ပတ်သက်ပြီး ကိုသက်က ယခုလို ဆက်လက် ပြောပြသည်။
” ၆ ရက်နေ့ နောက်ပိုင်း ဘာလို့ဖမ်းလဲဆိုတော့ ရဲကဒ်နဲ့ နေတဲ့သူတွေကော တရားဝင် စာရွက်စာတန်းနဲ့ နေတဲ့ သူတွေကော။ ထိုင်းနိုင်ငံသားတွေကောက ကား၊ ဆိုင်ကယ် လိုင်စင်သက်တမ်းတွေ လာမတိုးတာများလို့ ကားတွေ၊ ဆိုင်ကယ်တွေ ပိုစစ်ဆေးမယ်လို့ သူတို့က ကျွန်တော်ကို ပြောတယ်။ ပြီးတော့ ရဲကဒ်ရှိရုံနဲ့ ကားလိုင်စင်လဲ လုပ်မရတော့ဘူး။ ဆိုင်ကယ်လိုင်စင်လဲ မရတော့ဘူး” ဟု ၎င်းက ပြောပါသည်။
ထိုင်းနိုင်ငံ၏ ဥပဒေအရ အထောက်အထား ရှိသူမှ အထောက်အထား မရှိသူကို ကား၊ ဆိုင်ကယ် စသည့် ယာဉ်များနှင့် တင်ဆောင်ခြင်းကို စစ်ဆေးတွေ့ရှိလျှင် လူ/ကုန် တား ပုဒ်မ အရ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ တရားမဝင် နေထိုင်သူများကိုလည်း စစ်ဆေးတွေ့ရှိလျှင် ၄၅ ရက်အထိ ဖမ်းဆီးထိန်း သိမ်းထားကာ သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်မှုများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။
“အရင်ကတော့ အဲ့ဒီလို စစ်ဆေးလို့ မိရင် ဘတ်ငွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းလောက် တောင်းတယ်။ ပေးလိုက်ရင် ပြန်လွှတ်ပေးတယ်ပေါ့။ အခု စီမံချက်အရတော့ ၄၅ ရက်အထိ ဖမ်းထားမယ်လို့ ကြားတယ်။ ကျမတို့လဲ အပြင်မထွက်ရဲဘူး။” ဟု မဲဆောက်ရောက် မြန်မာတစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း ထိုင်းအစိုးရ အသစ် အပြောင်းအလဲများကြောင့်လည်း စီမံချက်များနှင့် လုပ်ဆောင်လာတာ ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံသားတစ်ဦးကလည်း ဆိုသည်။
“အခုဆို ရဲကဒ်ရှိတဲ့သူတွေက စက်ဘီးဘဲ စီးလို့ရတယ်လို့ ကြားတယ်။ အားလုံး သတိထားပြီး အသွားအလာ ဆင်ခြင်ကြပါ။ ကားလိုင်စင်ရော ကားဘီးခွန်ရော သက်တမ်းကုန်တာတွေ များလာပြီး သက်တမ်းတိုးမရဘူးလို့ ကြားနေရတယ်။ အဓိကက အစိုးရ အပြောင်းအလဲကြောင့်လဲ ပါမယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် လပိုင်းများ အတွင်းမှ စတင်ကာ ထိုင်းအာဏာပိုင်များသည် မဲဆောက်မြို့တွင်းရှိ မြန်မာနိုင်ငံသားများ အနေများသည့် နေရာများတွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ၊ စက်ရုံ၊ အလုပ်ရုံနေရာများတွင် အထောက်အထား မရှိသူများ ရှိ၊ မရှိကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း ကြားသိရသည်။