
2 June 2021_By MPA
မြိတ်ထောင်တွင်းတရားရုံးက DVB သတင်းထောက်ကိုအောင်ကျော်နဲ့ Mizzima အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၅၀၅(က)ဖြင့် ဇွန်လ၂ရက်နေ့တွင် ထောင်ဒဏ်၂နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
Mizzima အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကိုဧပြီလ၆ရက်တွင် နေအိမ်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး DVB သတင်းထောက်ကိုအောင်ကျော်ကိုလည်းမတ်လ၁ရက်နေ့တွင်နေအိမ်၌ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ၂ရက်နေ့တွင် ယခုကဲ့သို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်း အမိန့်ချမှတ်ခံရခြင်းနှင့်ပက်သက်ပြီး ” ကျမတို့ကိုတရားသူကြီးခွင့်ပြုချက်နဲ့ဖုန်းဆက်လာတယ်။အမိန့်ချလိုက်ပြီတဲ့၂နှစ်ချလိုက်တယ်။သူရောကိုအောင်ကျော်နှစ်ယောက်စလုံးကို လို့ပြောတယ်။ အယူခံလည်းဝင်လို့မရခဲ့ဘူး။ ” ဟု ကိုဇော်ဇော်၏ဇနီး မတင်တင်မိုးကပြောသည်။
မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းကာလအတွင်း ၎င်းတို့နှစ်ဦးအပါအဝင်ထောင်ဒဏ်ကျခံရသာသတင်းထောက်၃ဦးရှိလာပြီဖြစ်သည်။
ပထမဆုံးအနေဖြင့်DVBသတင်းထောက်ကိုမင်းညိုကို ပြည်ထောင်တွင်းတရားရုံးတွင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ပြီးမေလ၁၂ရက်နေ့တွင်ထောင်ဒဏ်၃နှစ်ချမှတ်ခဲ့သည်။
စစ်တပ်အနေဖြင့်စစ်အာဏာသိမ်းကျူးလွန်ပြီးနောက်ပိုင်းတွင်သတင်းရယူနေသောသတင်းထောက်များကို ဖမ်းဆီးပြီး မီဒီယာဥပဒေမဟုတ်သည့်တရားစွဲဆိုပြစ်ဒဏ်ချမှတ်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင်အာဏာသိမ်းစစ်တပ်အနေဖြင့် သတင်းတိုက် (၇) ခုကိုပိတ်သိမ်းထားပြီး သတင်းသမား (၅၀)ခန့် ဖမ်းဆီးထားသည်။
သတင်းဌာနများကို ပိတ်သိမ်းခြင်းအပြင်သတင်းထောက်များကိုဖမ်းဆီးခြင်းနှင့် လွတ်လပ်စွာ သတင်းရယူခွင့်အတွက် ဖိနှိပ်ခြင်းများပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။