“ မြို့ပြကို CCTV နဲ့မသတ်နဲ့ ” စာတန်းအား ရန်ကုန်မြို့တစ်နေရာတွင် ယနေ့ ချိတ်ဆွဲခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းထံက သိရသည်။
မြို့ပြတွင် ပြောက်ကျားသပိတ်ဆင်နွှဲရာ၌ CCTV မှတ်တမ်းများသည် အရေးကြီးသော စိန်ခေါ်မှု တစ် ရပ်ဖြစ်နေခြင်းကြောင့် စာတန်းချိတ်ဆွဲ တိုက်တွန်းရခြင်းဖြစ်ကြောင်း ရေဘဝဲ ဥက္ကဌက ပြောသည်။
“ ပြောက်ကျားသပိတ်တွေအတွက် စိန်ခေါ်မှုတွေကအများအပြားရှိပါတယ်ခင်ဗျ။အဲ့ဒီထဲကမှ ဖော်ပြဖို့သင့်တဲ့ စိန်ခေါ်မှုကတော့ CCTV မှတ်တမ်း တွေပဲဖြစ်ပါတယ်။မိဘပြည်သူတွေအနေနဲ့ ကိုယ်အိမ်၊ကိုယ်ဆိုင် အနီးတစ်ဝိုက်မှာ ပြောက်ကျားသပိတ်ဖော်ဆောင်သွားတယ်ဆိုတဲ့ သတင်းကြားရင် ချက်ချင်း CCTV မှတ်တမ်းတွေကို ဖျက်ပစ်ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် ပြည်သူများ၏ အသက်၊အိုးအိမ်၊ပိုင်ဆိုင်မှုစသည့် လုံခြုံရေးလိုအပ်ချက်များအရ မလွှဲမရှောင်သာ CCTV များတပ်ဆင်ထားရခြင်းကို မြို့ပြတော်လှန်ရေးအင်အားစုများအနေဖြင့် နားလည်သော်လည်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုပြုလုပ်သွားသည့်သတင်းကြားလျှင်ကြားချင်း မိမိတပ်ဆင်ထားသည့် CCTV Record မှတ်တမ်းများအား ဂရုပြုရှင်းလင်းပေးရန်လိုအပ်ကြောင်း ရေဘဝဲ ဥက္ကဌက ပြောသည်။
“ တပ်ဆင်ထားပြီးသား CCTV တွေကိုလမ်းမ၊လမ်းကွေ့၊လမ်းထိပ် တွေဘက်ဆီ ဦးတည်မျက်နှာမူထားခြင်းကို လုံးဝရှောင်ရှားဖို့နဲ့ မိမိနေထိုင်ရာ(သို့မဟုတ်) မိမိဆိုင်ခန်းများရှိရာ ရပ်ကွက်၊မြို့နယ်အတွင်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုပြုလုပ်သွားတဲ့ သတင်းကြားလျှင်ကြားချင်း မိမိတပ်ဆင်ထားတဲ့ CCTV Record မှတ်တမ်းတွေကို ဂရုပြုရှင်းလင်းပေးကြဖို့ ရေဘဝဲ ကမေတ္တာရပ်ခံတိုက်တွန်းအပ်ပါတယ်” ဟု ၎င်းကဆက်လက် ပြောသည်။
“ မြို့ပြကို CCTV နဲ့မသတ်နဲ့ “ စာတန်းချိတ်ဆွဲမှုကို ရေဘဝဲ သပိတ်ရဲဘော်များက အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပြီး ဘေးကင်းလုံခြုံရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။