စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကလေးမြို့ စစ်ကောင်စီတပ်မှ တောင်ပိုင်းအား လက်နက်ကြီးအမြောက်အမြားဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် ပူးပေါင်းကာကွယ်ရေးအဖွဲ့မှ CNDF ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးပြီး KKG ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ကနဦး စုံစမ်းသိရှိရသည်။
“ညပစ်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ကျဆုံးတာ။ CNDF ရဲဘော်တစ်ဦး ဦးခေါင်းထိဒဏ်ရာနဲ့ ကျဆုံးတယ်။ KKG ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးလို့ ပြောတယ်။ ပြည်သူ ၄ ဦးလည်း ထိခိုက်တယ်ပြောတယ်။ ဘယ်နားတွေမှာ ထိခိုက်တယ်ဆိုတာတော့ မသိရသေးဘူး”ဟု ပူးပေါင်းတပ်ဖွဲ့များနှင့် နီးစပ်သည့် ကာကွယ်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သော ရဲဘော်မှာ CNDF မှ တပ်သားမင်းခန့်ကျော် (ခ) သားလေးဟု သိရပြီး ၎င်းနှင့် ပတ်သက်၍ ဒေသအခြေစိုက် မီဒီယာများလည်း ဖော်ပြနေကြသည်။ အသေးစိတ် ဖြစ်စဥ်ကို MPA အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
“မနေ့က စစ်ကောင်စီက တောင်ပိုင်းကို ဖောကားတွေနဲ့ရော၊ စည်ပင်ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ထွက်တာတွေ့ရတယ်။ သာစည်နားမှာ တိုက်ပွဲဖြစ်တယ်။ မိုင်းလည်း ဆွဲခံရတယ်လို့ကြားတယ်”ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန်ပြင်ဆင်ခဲ့သည့် စစ်ကောင်စီတပ်သည် ဒေသကာကွယ်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရပြီး ယင်းနေ့ နေ့လယ်ပိုင်းမှစ၍ သာစည်ရွာအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများလည်း ညပိုင်းအထိ ပစ်ခတ်သည်ဟု သိရသည်။
“**** (စစ်ကောင်စီ) သတင်းအတိအကျ မသိရသေးဘူး။ မိုင်းမိတာ အတော်သေတယ်တော့ ကြားတယ်”ဟု နီးစပ်သည့် ကာကွယ်ရေး ရဲဘော်တစ်ဦးက ဆက်ပြောသည်။
ကလေးမြို့စစ်ကောင်စီသည် တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန် အကြိမ်ကြိမ်ကြိုးစားနေပြီး မေလ ၁၇ ရက်နေ့မှစ၍ လက်နက်ကြီးနေ့စဥ် ပစ်ခတ်မှုများလည်း ရှိနေသည်ဟု စုံစမ်းသိရှိရသည်။