1 June 2021_ By MPA
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလ၁၀ရက်နေ့က ဖမ်းဆီးခံရသော DVBမြန်မာသတင်းထောက်၃ဦးနှင့် အတူအဖမ်းခံရသူ၂ဦးကို မေလ ၂၈ ရက်နေ့တွင် ချင်းမိုင်ခရိုင်တရားရုံးက တဦးလျှင်ထောင်ဒဏ်၇လနှင့် ငွေဒဏ်ဘတ်၂၀၀၀ချမှတ်လိုက်သည်။
သတင်းထောက်၃ဦးနှင့် အတူအဖမ်းခံရသူ၂ဦးကို ထိုင်းအာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၁ နဲ့ပုဒ်မ ၈၁ အရတရားစွဲဆိုခဲ့ခြင်းဖြစ်ပြီးပြစ်မှုထင်ရှားသဖြင့်တရားစီရင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
အမိန့်ချခြင်းမပြုမီတွင် ထိုင်းနိုင်ငံရှိတက္ကသိုလ်တစ်ခုမှ ပရော်ဖက်ဆာတစ်ဦးက အာမခံလျှောက်ထားခြင်းပြုလုပ်ခဲ့သော်လည်းတရားရုံးက ပယ်ချခဲ့သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် သတင်းထောက်၃ဦးအပါအဝင်တက်ကြွလှုပ်ရှားသူများကိုအကူအညီများပေးဖို့ဆောင်ရွက်နေကြောင်းသိရသည်။
DVBသတင်းထောက်၃ဦးဖြစ်သည့် ကိုကျော်ဇေယျာဝင်း၊ကိုနေသွင်ငြိမ်းနှင့် မနေရီရီတို့ဖြစ်ပြီးမြန်မာနိုင်ငံမှ တိမ်းရှောင်လာသည့်တက်ကြွလှုပ်ရှားသူ ၂ဦးသည်မေလ၉ရက်နေ့တွင်သတင်းတင်ဆက်ရာမှာအသုံးပြုသည့် အသုံးဆောင်ပစ္စည်းများနှင့်အတူထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဥပဒေတွင် နိုင်ငံတော်တွင်းသို့တရားမဝင် ဝင်ရောက်လာသူများကို ၂နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေဘတ်၂သောင်းထက်မပိုသောငွေဒဏ်ကိုဖြစ်စေချမှတ်နိုင်ကြောင်းပြဌန်းထားသည်ကိုတွေ့ရသည်။
အာဏာသိမ်းစစ်တပ်၏ဖျက်သိမ်းသောမီဒီယာစာရင်းတွင်ပါဝင်သည့်အတွက် စစ်တပ်၏အန္တရာယ်ကို တိမ်းရှောင်ရင်း သတင်းများတင်ဆက်ပေးလျက်ရှိနေခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းယူပြီးချိန်မှစ၍ လူထုယုံကြည်ထောက်ခံမှု ရရှိသော သတင်းဌာနများကို ပိတ်သိမ်းခြင်း၊ သတင်းထောက်များကိုဖမ်းဆီးခြင်းနှင့် လွတ်လပ်စွာ သတင်းရယူခွင့်အတွက် ဖိနှိပ်ခြင်းများပြုလုပ်လျက်ရှိသည်ကိုတွေ့ရသည်။
စစ်တပ်သည် ပိတ်သိမ်းခြင်းခံရသော သတင်းဌာနများသာမကသတင်း ရယူနေသူတိုင်းကိုဖမ်းဆီးမှုများရှိနေသည့်အတွက် ဘေးလွတ်ကင်းရာအရပ် ဒေသများမှသတင်းများတင်ဆက်နေရခြင်းဖြစ်သည်။
DVBသတင်းဌာနသည် မြန်မာပြည်သူလူထု၏ အားပေးထောက်ခံမှု အပြည့်အဝရရှိထားသောသတင်းဌာနတစ်ခုဖြစ်သည်။