ရန်ကုန်မြို့ရှိ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အပါအဝင် ဆင်ခြေဖုံးရပ်ကွက်များတွင် ဆိုင်ကယ်များအား စစ်ကောင်စီမှ ဖမ်းဆီးမှုများလာသဖြင့် ဘေးတွဲဆိုင်ကယ်အဖြစ် ပြောင်းလဲ အသုံးပြုမှု များလာကြောင်း ရန်ကုန်မြို့နေ ဒေသခံများထံမှ သိရသည်။
“ဆိုင်ကယ်အလွတ်ပဲ စီးရင် ပိုပြီး ဦးတည်ဖမ်းတယ်။ မီးပွိုင့်တို့၊ လမ်းကွေ့တို့ လိုနေရာတွေမှာ ပိုဖမ်းတယ်။ ဆိုင်ကယ်နဲ့ကျတော့ ဈေးသွား ဈေးလာနဲ့ တချို့နေရာတွေ သွားချင်ရင် ခရီးတွင်တာပေါ့။ ဘေးတွဲကျတော့ ငှားဆီးရင် ဟိုနားဒီနားက ၅၀၀/၇၀၀ နည်းနည်းဝေးရင်ကျတော့ ၁၀၀၀ ကျော် ၂၀၀၀ နီးပါးပေးရတာပေါ့။ ကိုယ့်ဆိုင်ကယ်နဲ့ဆိုရင်တော့ ဆီလေး ၃,၀၀၀ ထောင်ဖိုးလောက် ဖြည့်ထားရင် ၂ ရက် ၃ ရက်တော့ သွားရသေးတာပေါ့။ အခုက ဖမ်းတော့ ဘေးတွဲတွေဖြစ်ကုန်တယ်။ ဘေးတွဲကျတော့ သိပ်မဖမ်းဘူးလေ။ ခရီးသည်တင်ယာဉ်ဆိုတော့ မဖမ်းတော့ဘူး။ ဒါတောင် တခါတလေကျရင် အဖမ်းခံရတာ ရှိသေးတယ်”ဟု ရွှေပြည်သာမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ကားလမ်း၊ ကားဂိတ်တို့နှင့် သွားလာရဝေးလံသော ဒေသများ၌ ဆိုင်ကယ်များမှာ တရားဝင်ခွင့်ပြုချက်ဖြင့် စီးနင်းခြင်း မဟုတ်သော်လည်း ယခုလက်ရှိတွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ်များအား ဖမ်းဆီးမှု ခပ်စိပ်စိပ် လုပ်လာကြောင်း သိရသည်။
“အရင်တည်းကတော့ ရန်ကုန်မှာက တရားဝင်စီးခွင့်တော့ မပြုထားပါဘူး။ ဒါပေမယ့် နားလည်မှုနဲ့ စီးကြတာပေါ့။ နားလည်မှုဆိုတာက ပိုက်ဆံပေးထားရတာကို ပြောတာမဟုတ်ဘူး။ ဒီနေရာ ဒီဒေသတွေက ဆိုင်ကယ်နဲ့မှ အဆင်ပြေတယ်ဆိုတာ ယာဉ်ထိန်းရဲပေါ့ သူတို့က သိတော့ အဖမ်းအဆီးကို သိပ်မလုပ်ဘူးပေါ့။ ၂ ယောက်ပဲစီးရတာကို ၃ ယောက်စီးရင်တော့ ဖမ်းတာပေါ့။ Over Weight ဖြစ်ရင်တော့ ဖမ်းတာပေါ့။ အခုကတော့ စစ်ကောင်စီက တယောက်စီးစီး နှစ်ယောက်စီးစီး ဖမ်းချင်ရင် ဖမ်းနေတာပါ။ လမ်းထဲက လူတော်တော်များများဆိုရင် ကိုယ်ပိုင်ဆိုင်ကယ်တွေကို ဘေးတွဲတွေ ပြောင်းကြကုန်ပြီ။ အသစ်တွေလည်း ဝယ်မစီးကြတော့ဘူး”ဟု ရန်ကုန်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဆိုင်ကယ်စီးနင်းသူများအနေဖြင့် ဆိုင်ကယ်တစ်စီးပေါ်တွင် အမျိုးသားနှစ်ဦး မစီးဖို့၊ အမျိုးသမီးမောင်းနှင်သော ဆိုင်ကယ်တွင် အနောက်မှ အမျိုးသားဖြစ်သူမှ လိုက်လံမစီးဖို့ ၂၀၂၁ ခုနှစ်အတွင်းက တားမြစ်ချက် ထုတ်ခဲ့သေးသည်။
“အရင်ကတော့ ဆိုင်ကယ်နဲ့ပဲ ကယ်ရီဆွဲတာ။ ဆိုင်တွေက ခပ်စိပ်စိပ် အဖမ်းခံရတော့ ကျွန်တော်လည်း ဘေးတွဲချိတ်လိုက်တာ ကြာတော့ မကြာသေးဘူး။ ဘေးတွဲတွေလည်း သူ့စည်းသူ့ကမ်းနဲ့ပဲ ရပ်ခိုင်းတယ်။ ဈေးတွေကို ခရီးသည်လိုက်ပို့ရင် အရင်လိုတော့ ရပ်စောင့်ပေးလို့ မရတော့ဘူး။ ခရီးသည်ကို ချပြီး ပြန်ထွက်ရတယ်။ ဖောက်သည်တွေရှိမှ အခုက ဘေးတွဲကယ်ရီဆွဲလို့ အဆင်ပြေတာ။ နို့မို့ဆို တစ်နေ့ကို ၅၀၀၀ ရဖို့တောင် မနည်းလုံးပန်းရတယ်”ဟု ဆိုင်ကယ်အား ဘေးတွဲပြောင်းလဲကာ ကယ်ရီဆွဲနေသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းသူများကို စစ်ကောင်စီမှ ဖမ်းဆီးတာတွေရှိပြီး ကျပ် သိန်းနှင့်ချီပြီး ဒဏ်ရိုက်သလို ဆိုင်ကယ်အား သိမ်းယူခြင်းများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“အခုကလေ ဘက်ထရီတပ်ထားတဲ့ စက်ဘီးတောင်မှ ဖမ်းနေတာ။ ဆိုင်ကယ်တွေဆိုရင် ပိုဆိုးတယ်။ အဲ့ဒီတော့ ဘာလုပ်လဲဆိုရင် ဆိုင်တွေကို ဘေးတွဲတပ်ပြီး ကယ်ရီဆွဲကြတာပေါ့။ ကယ်ရီဆွဲတဲ့သူတွေက တဖြည်းဖြည်းများလာတော့ ကားဂိတ်တွေမှာဆိုလည်း အကုန်လုံးက အလုအယက်နဲ့ ခရီးသည်ခေါ်ရတော့တာ။ အရင်ကဆိုရင် တစ်နေ့ကို တစ်သောင်းနီးပါးတော့ရတယ်။ အခုက ခရီးသည် သိပ်မရတော့ ၃/၄ ထောင်တောင် မနည်းရအောင် ရှာရတယ်”ဟု တောင်ဒဂုံမြို့နယ်မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းရှိ မှော်ဘီ၊ တိုက်ကြီး၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် အရှေ့ဒဂုံစသည့်မြို့နယ်များ အပါအဝင် မြို့နယ်ပေါင်း ၃၃ မြို့နယ်အား ဆိုင်ကယ်စီးနင်းခွင့် ပြုသင့် မပြုသင့်အား အရပ်သားအစိုးရလက်ထက် ၂၀၁၉ ခုနှစ်အတွင်းက တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့သော်လည်း တရားဝင်ခွင့်ပြုချက်မရှိခဲ့ပေ။
ပြီးခဲ့သည့် နှစ် ၂၀၂၂ ခုနှစ်အတွင်းက ကွမ်းခြံကုန်း၊ သန်လျင်၊ ကော့မှူးနှင့် ဒလစသည့် မြို့နယ်များအား စစ်ကောင်စီမှ ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ခဲ့သည်။
လက်ရှိချိန်တွင် စစ်ကောင်စီမှ ရန်ကုန်တိုင်းရှိ မြို့နယ်များတွင် ဆိုင်ကယ်များအပြင် လျှပ်စစ် စက်ဘီးနှင့် မှော်တာတပ် စက်ဘီးများကိုလည်း ဖမ်းဆီးနေကာ တစ်ခါတစ်ရံ ဘေးတွဲဆိုင်ကယ်များကိုပါ ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။