ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့တွင် ဇွန်လ ၁၉ ရက်နေ့ ယနေ့မှာ ပန်းပန်ထားသည့် အမျိုးသမီးများအား စစ်ကောင်စီတပ်မှ လိုက်လံဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။
အထက်ပါ ဖမ်းဆီးမှုအား ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ပြုလုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ရဲများကို အရပ်ဝတ်ဖြင့် ပြည်သူများအကြား အသွင်ယူကာ သတင်းယူ ဖမ်းဆီးခိုင်းထားခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ပန်းပန်တာ ဥပဒေချိုးဖောက်မှု တစ်ခုဖြစ်လာမယ်လို့ မထင်ထားဘူး။ ဒီနေ့ မနက် ၈ နာရီလောက်က ဆင်မလိုက် ဈေးထဲက ပန်းဝယ်ပြီး ပြန်လာတဲ့ မိသားစုလေးဦးရယ်၊ မနက် ၁၁ နာရီခွဲလောက်က ဈေးသည် ၃ဦး နဲ့ ပန်းပန်ထားတဲ့ အမျိုးသမီး ငါဦးကို DC ကား(စစ်ကား)ပေါ် ဖမ်းခေါ်သွားတယ်။ မနက် ၁၀ နာရီခွဲ ကျော်လောက်ကလည်း Juction Square နားမှာ ပန်းကိုင်လာတဲ့ အမျိုးသမီး ၃ ဦးကို ထပ်ဖမ်းသွားသေး တယ်” ဟု ၎င်းက ပြောသည်။
အထက်ပါ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများသည် အမျိုးသမီးများဖြစ်ပြီး အသက် ၆၀ အရွယ် အဖွားအို တစ်ဦးအပါ ၁၄ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း MPA မှ စုံစမ်းသိရသည်။
ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကလည်း အလုံမြို့နယ်၊ သစ်တောလမ်းအနီးတွင် အမျိုးသမီး ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အလုံမြို့နယ်နေသူ မျက်မြင်တစ်ဦးက ပြောသည်။
“ မနက်က ပန်းပန်ထားတဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းသွားတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိဘူး။ DC ကား ရပ်ပြီး နင်တို့တွေ တက်ဆိုပြီး ခေါ်သွားတာပဲ” ဟု ၎င်းက ဆိုသည်။
ယနေ့ မနက်ပိုင်းက ကမာရွတ်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်မှ DC ကားတစ်စီးဖြင့်ပတ်ကာ ပန်းပန်ထားသူများ၊ Mask တပ်ကာ အင်္ကျီအနက်နှင့် အနီဝတ်သူများအား အဓိကထားကာ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲဖြစ်စဉ်များအား MPA မှ တိတိကျကျမသိရသေးပေ။
ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၈ နှစ်ပြည့် မွေးရက်လည်း ဖြစ်သည်။