By MPA CJ 015
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်ကုန်းကျေးရွာသို့ စစ်ကောင်စီ၏ ခလရ (၉၇) အမြောက်တပ်မှ လက်နက်ကြီး ၁၂၀ မမ ဖြင့် အကြိမ်ရေ (၄၀) ခန့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေပြည်သူများနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကမိုင်ကုန်းကျေးရွာနေ ဦးအသောင်း (၆၂) နှစ်နှင့် ကျော်မင်းထွန်း (၃၁) နှစ်တို့ နှစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီးပစ်ခတ်လို့ ရွာသား ၂ ဦး ဒဏ်ရာရတယ်။ ခြေသလုံးကို လက်နက်ကြီးစ ထိတဲ့ ရွာသားက ဖြတ်ရတဲ့ အထိတော့ မပြင်းထန်ပါဘူး။ အခု မစိုးရိမ်ရတော့ဘူး” ဟု နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့နယ် ရွာတန်းရှည် ကျေးရွာနေ ဦးကျော်ဘောင်၏ နွားတစ်ကောင်နှင့် ဒေါ်မူးသောက်၏ နွားတစ်ကောင်လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ စကစ က ခလရ (၉၇) အမြောက်တပ်အပြင် ၉ တိုင်တို့ ဘုရားကုန်းတို့ ဘက်ကနေလည်း စစ်သားတွေက သူတို့စိတ်မထင်ရင် မထင်သလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေက အမြဲလိုလိုပါပဲ။ တိုက်ပွဲရှိတဲ့ ညတွေဆို ပိုဆိုးတယ်။ ကျနော်တို့ နေတဲ့ ရွာဘက်အထိ အသံကျယ်ကြီး ကြားရတယ်။ တအုံးအုံးနဲ့ကို ရမ်းသမ်းထုတာ။ အဲ့ဒီလို ရွာတွေဘက် လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတိုင်း ဒီဘက်နဲ့လည်း နီးတော့ ဗုံးခိုကျင်းထဲ ပြေးပြေးဆင်းရတယ်” ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါ ကမိုင်ကုန်းကျေးရွာနှင့် ရွာတန်းရှည်ရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီမှ ယခုကဲ့လို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်နေကြရပြီး ရွာထဲတွင် မဖြစ်မနေအခြေအနေများကြောင့် နေထိုင်ကြရသည့် ဒေသခံပြည်သူအချို့သာ ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။



