By MPA CJ 023
မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ် ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံများက လယ်ယာထွက်ကုန်များအားအမြန် ရောင်းချနေကြောင်းသိရသည်။
မေလ ၂၆ ရက်၊ နံနက် ၆ နာရီဝန်းကျင်မှစတင်၍ ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်တို့ကိုနှစ်ဖက်ညှပ်ကာအင်အား ၂၀၀ ခန့်ရောက်ရှိလာပြီး စစ်ကြောင်း ၄ကြောင်းခွဲ၍ မိဖုရားရွာ၊လှေခုတ်ရွာ၊ခြံယာရွာ၊နွယ်နီရွာနှင့်ဆင်တဲ(မြောက်ရွာ)တို့အား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သလို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
“မိုခါမုန်တိုင်းတုန်းက မပျက်မစီးပဲကျန်ခဲ့တာလေးတွေကို ရောင်းရတာပါ။မရောင်းရင်လည်း စစ်ခွေးတွေက တွေ့ရာမြင်ရာ မီးရှို့တော့ မရှိရှိတာလေးပါသွားမှာစိုရိမ်လို့ အန္တရာယ်ကြားကနေ ရောင်းရတာ”ဟု ရေလယ်ကျွန်းဒေသခံတစ်ဦးကပြောသည်။
မတ်ပဲနှင့် ပဲတီစိမ်း ၁ တင်းလျှင်ကျပ် ၅၅၀၀၀ဝန်းကျင်၊ ပြောင်း ၁ ပိဿာလျှင် ၁သောင်းကျပ် နှင့် နှမ်း ၁ တင်းလျှင် ကျပ်၈ သောင်းမှ ၁ သိန်းကြားလတ်တလောစျေးပေါက်နေပြီး စစ်ကြောင်းနှင့်ဝေးသည့် ကျေးရွာများရှိ ပွဲရုံကိုယ်စားလှယ်များထံသွားရောက်ရောင်းချရကြောင်းသိရသည်။
မေလ ၁၂ ရက်နေ့မှစ၍ ၁၄ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလယ်ကျွန်းဒေသရှိကျေးရွာပေါင်း ၄၀ ကျော်က စိုက်ပျိုးသီးနှံများဖြစ်သည့် မတ်ပဲ၊နှမ်းနှင့်ပဲတီစိမ်း
စိုက်ခင်းများအတွင်း ရေဝင်ကာ သီးနှံများပျက်စီးခဲ့သေးသည်။

