By MPA CJ 012
မုန်တိုင်းဒဏ်သင့်သည့် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရရှိရန်အတွက် မည်သည့်အဖွဲ့အစည်းနှင့်မဆို ချိတ်ဆက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင့်တပ်တော် (AA) မှ MPA သို့ ပြောသည်။
“ကျွန်တော်တို့ကတော့ ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် ကူညီကယ်ဆယ်ရေးတွေ ရဖို့အတွက်တော့ ကျွန်တော်တို့က ပူးပေါင်းမှာပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့
ရခိုင်ပြည်သူတွေကို တိုက်ရိုက်ကူညီမယ်၊ မကူညီဘူးဆိုတာကတော့ သူတို့ရဲ့ မူဝါဒနဲ့ပဲဆိုင်တာပေါ့နော်။ ကျွန်တော်တို့ကတော့ တိုက်ရိုက်ဆက်သွယ်ပြီး ကူညီပေးမယ်ဆိုလည်း ပူးပေါင်းဖို့ အသင့်ပါပဲ”ဟု ရခိုင်တပ်တော် အေအေမှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
လက်ရှိတွင် နိုင်ငံတကာမှ ကူညီထောက်ပံ့ရေးများ ပေးပို့ရာတွင် မည်သည့်နည်းလမ်းဖြင့် ပေးပို့မည်ဆိုသည်ကို မသိရသေးသော်လည်း စစ်ကောင်စီမှ တစ်ဆင့် ထောက်ပံ့မည်ဆိုပါက ရခိုင်ပြည်သူများအတွက် အကူအညီရရှိမှုသည် နှောင့်နှေးမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ (နိုင်ငံတကာကူညီရေးအဖွဲ့) ဘက်ကနေ ဘယ်လိုပေးမလဲဆိုပြီးတော့တော့ မသိရဘူး။ အကယ်၍ စစ်ကောင်စီကမှ တစ်ဆင့်သွားမယ်ဆိုရင်တော့ သူတို့ (စကစ) ပေးရင်ရမယ်။ မပေးရင် ကျွန်တော်တို့ ပြည်သူတွေကမရဘူးပေါ့။ ဒီလို ကပ်ဘေးကြီးဖြစ်နေချိန်မှာတော့ တခြားပယောဂတွေ မပါသင့်ဘူး။ ဒီလိုသာ ပါလာမယ်ဆိုရင်တော့ မဖြစ်သင့်တဲ့ကိစ္စလို့ပဲ ပြောချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိတွင်လည်း ရခိုင့်တပ်တော် အေအေမှ တပ်ဖွဲ့ဝင်များသည် မုန်တိုင်းဒဏ်ကြောင့် ပြိုပျက်သွားသည့် ပြည်သူ့နေအိမ်များအပါအဝင် အဆောက်အအုံများအား ပြန်လည်ပြုပြင်ပေးနေသလို ပြည်သူများ၏ ကျန်းမာရေးအတွက်လည်း စောင့်ရှောင်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။
“ပြည်သူတွေကိုလည်း ကျွန်တော်တို့တွေက မုန်တိုင်းမဝင်ခင်က အချိန်မီတော့ ရွှေ့ပြောင်းပေးခဲ့တယ်။ အဲ့ဒီအထဲမှာ ရိုဟင်ဂျာတွေလည်း ပါပါတယ်။ တက်နိုင်သမျှလည်း ဆေးဝါးကုသတာရော ကူညီတာရော အကုန်လုံးကို လုပ်ဆောင်ပေးနေပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးများလုပ်ကိုင်ရန်နှင့် ကယ်ဆယ်ရေးအဖွဲ့များအားလည်း လွတ်လပ်စွာသွားလာ လုပ်ကိုင်ခွင့်ကို စစ်ကောင်စီအနေဖြင့် ခွင့်ပြုပေးသင့်ကြောင်း ဆိုသည်။
“သမိုင်းပေါ့ဗျာ။ ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေချိန်မှာ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေ လုပ်နေရင်တော့ ပြည်သူတွေအပေါ်မှာ ထားတဲ့ သူတို့ (စကစ) ရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာကို ဖော်ပြတာပေါ့။ တကယ်ဆိုရင်တော့ ဒီအချိန်မှာ ဘာအကန့်အသတ်မှမရှိပဲနဲ့ ကူညီပေးနေတဲ့ အဖွဲ့တွေကို လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ပေးပြီးတော့မှ လူသားချင်းစာနာမှုအကူအညီတွေကို အမြန်ဆုံးရအောင် လုပ်ပေးဖို့ လိုအပ်တဲ့ အကူအညီတွေ ပေးပြီး ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ စားနပ်ရိက္ခာများအား မုန်တိုင်းသင့်ပြည်သူများအတွက် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိမလာသေးကြောင်း သိရသည်။
“WFP ကနေ ကျွန်တော်တို့ မုန်တိုင်းသင့်ပြည်သူတွေအတွက် ရိက္ခာတွေ စီစဉ်ထားတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကနဦးတော့ သိထားရပေမယ့် အခုထိတော့ မရသေးဘူး။ ဘယ်တွေမှာ သွားပေးလဲတော့ မသိရပေမယ့် အခုထိတော့ ဒီမှာ ဒုက္ခရောက်နေတဲ့သူတွေဆီကိုတော့ မရောက်သေးပါဘူး”ဟု ဦးခိုင်သုခက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများ မရရှိသေးသော်လည်း ရခိုင့်တပ်တော် အေအေနှင့် မဟာမိတ်အဖွဲ့များမှ ပေးပို့ထားသည့် အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ထောက်ပံ့ငွေများအား ရခိုင်တပ်တော်အနေဖြင့် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမှ ပြီးခဲ့သည့် မေလ ၁၆ ရက် ကြေညာချက်တွင် ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းကို ဖြတ်၍ တိုက်ခတ်သွားသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅.၄ သန်းနီးပါး မုန်တိုင်းဒဏ်ခံစားရနိုင်ပြီး အကူညီများ လိုအပ်နေကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင်လည်း နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှ အကူအညီလိုအပ်နေသည့် ရခိုင်ပြည်နယ်သို့ အထောက်အပံ့နှင့် ကူညီကယ်ဆယ်ရေးများ ပေးနိုင်ရန်အတွက် စစ်ကောင်စီနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေကာ ခွင့်ပြုချက်ရသည်နှင့် ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

