မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရပြီးနောက်ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်မီးမရရှိသေးသည့်အတွက် ပြည်သူများ အခက်ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။
“မုန်တိုင်းမတိုက်ခင်တည်းက လျှပ်စစ်မီးကမရတော့တာ။ အဲ့ဒါကြောင့်မုန်တိုင်းတိုက်ပြီးတော့ အိမ်တွေမှာဆို ရေစက်တွေဘာတွေ မောင်းမရခဲ့တာပေါ့နော်။
အခုကတော့ သူတို့ (စစ်ကောင်စီ) က ပြန်ဆင်နေတယ်ပြောတယ်။ ပြင်နေတုန်းမို့ မရသေးတာလားတော့ မပြောတတ်ပေမယ့် မြန်မြန်လေး
ပြန်ရရင်တော့ ကောင်းတာပေါ့”ဟု ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဒေသခံ ကိုစည်သူက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့်ဓါတ်တိုင်၊ မီးကြိုးများ၊ ထရန်စဖော်မာများနှင့် ဓါတ်အားပေးခွဲရုံများ ပျက်စီးသွားပြီးလျှပ်စစ်မီးပြတ်တောက်မှုကို ပြုပြင်ပေးနေစဉ် မီးစက်ဖြင့် မီးပေးသွားမည်ဟု စစ်ကောင်စီက ယနေ့တွင်ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းကြောင့်ရာနှုန်းပြည့်နီးပါး ပျက်စီးထိခိုက်ခဲ့ကာ လူနေအိမ်များအပြင် သာသနိကာ အဆောက်အအုံများနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် အဆောက်အအုံလည်း များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
“အခုကတော့ ရန်ကုန်ကနေအမှိုက်ရှင်းလင်းရေးအဖွဲ့လို့ ပြောတဲ့တစ်ဖွဲ့တော့ ရောက်နေတယ်။ သူတို့က ပျက်နေတဲ့ ဓါတ်တိုင်တွေ၊ဓါတ်ကြိုးတွေကို ရှင်းနေတာတော့ တွေ့ရတယ်။ တခြားကြီးကြီးမားမား လုပ်နေတာတော့ မတွေ့ရသေးဘူး။ မီးကတော့ ဘယ်ချိန်ရမယ်ဆိုတာလည်းမသိရသေးဘူး။ မီးမရတော့ အစအစအရာအရာ အကုန်အခက်အခဲတွေ ဖြစ်တယ်”ဟု စစ်တွေမြိုပေါ်မှဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားပို့လွှတ်သည့် ပုဏ္ဏားကျွန်းပင်မ ဓါတ်အားပေးခွဲရုံ ၂၃၀ ကေဗွီနှင့် အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ၂၃၀ ကေဗွီ မဟာဓါတ်အားလိုင်းများသည်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည်။
မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းဒေသများဖြစ်သည့် မြေပုံ၊မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူနှင့်ပေါက်တော အစရှိသည့် မြို့နယ်များသည် မေလ ၁၄ ရက်မှစတင်ကာ ယနေ့အချိန်အထိ လျှပ်စစ်မီး မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“အခုထိတော့ မီးမရသေးဘူး။ မီးစက်နဲ့ ပေးမယ်ဆိုတာက ဘယ်နေရာတွေလည်းတော့ မသိသေးပေမယ့် ဒီဘက်မှာတော့ မရသေးဘူး။ ချက်ဖို့ ပြုတ်ဖို့နဲ့ ရေတွေရအောင်က မီးရမှ အဆင်ပြေမှာပေါ့နော်။ ချက်ပြုတ်တာကတော့ ထင်းတွေမီးသွေးတွေတော့ သုံးပြီးချက်လို့ရတယ်။ အဓိကကတော့ ရေမရတဲ့ ပြဿနာပဲ။ ရေကတော့ မီးနဲ့မှ မောင်းရတာဆိုတော့ မီးရမှ ဖြစ်မှာတော့ပေါ့။ ဖြစ်နိုင်ရင် မီးတော့ အမြန်ရအောင်လုပ်ပေးကြပါ”ဟု ကျောက်တော်မြို့နယ်မှဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အား အမြန်ဆုံးရရှိရန်အတွက် စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွက်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာနှင့် ဝန်ထမ်း ၅၆၀ ကျော်အား ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသည်ဟု စုံစမ်း သိရှိရသည်။


