ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊လှည်းတန်းခုံးကျော်တံတားအောက်တွင် ယမန်နေ့က စက်ဘီးနှင့်စကိတ်စီးရန် ပြင်ဆင်နေသော လူငယ် ၅၀ ကျော်ကို စစ်ကောင်စီတပ်သားများက ရိုက်နှက်ခဲ့သည့် ဆိုသည့် သတင်းသည် အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည်။
ပျံ့နှံ့နေသည့် သတင်းများအရ မေလ ၂၁ ရက်၊နံနက်ပိုင်း ၇ နာရီကျော်၌ စစ်ကောင်စီမှ စစ်ကား ၂ စီးဖြင့် ရောက်ရှိလာပြီးနောက်စကိတ်ကွင်းတွင် ဆော့ကစားနေသော လူငယ်များကို မေးမြန်းပြီး ဝမ်းလျားမှောက်ခိုင်းကာလူငယ်များကို ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။
“ အဲ့ဒီဖြစ်စဉ်ကအတည်မပြုနိုင်ဘူး။ သတင်းက အလွဲကြီး၊ ကျတော် အဲ့နားမှာ နေတဲ့လူကိုမေးကြည့်သေးတယ်။ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ မနက်စောစောစီးစီး လူ အယောက် ၅၀စုနေတာလည်း မဖြစ်နိုင်ဘူး” ဟု သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
ထိုနေ့ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အပါအဝင် ရန်ကုန်ရှိ မြို့နယ်အများအပြား၌ စစ်ကောင်စီတပ်များမှအင်အားအများအပြားဖြင့် လှည့်ကင်း၊ ပတ်ကင်းနှင့် ကင်းပုန်းချထားမှုများ ပြုလုပ်ကာယခင်ကထက် လုံခြုံရေးပိုမိုတင်းကျပ်ထားသည့်အခြေအနေရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ လှည်းတန်းဂုံးတံတားအောက် BMX ကွင်းမှာဖမ်းခံရတာ ကျနော်နဲ့ ကျနော့်အဖွဲ့ ပါပါတယ်။ ဘယ်ကလာလဲမေးတယ်။ အိတ်စစ်ရုံလောက်နဲ့ ပြီးသွားပါတယ်။ နောက်ကျငါးယောက်တစ်ဖွဲ့စီ အင်းစိန်လမ်းကနေ ပြန်ခိုင်းပါတယ်ဗျ။ ထုထောင်းတာတော့ မပါဘူးနော် ညီကိုတို့။ သတင်းအမှားကြီးတွေ ကြည့်ပြီး အရမ်းစိတ်ပူမနေကြပါနဲ့ဗျ” ဟုအဆိုပါ ဖြစ်စဥ်တွင်ကိုယ်တိုင်ပါဝင်ခဲ့သူ စက်ဘီးစီးသည့် လူငယ်တစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။
ထို့အပြင် ယမန်နေ့ကလှည်းတန်းခုံးတံတားဘေးမှ ဖြတ်လျှောက်ခဲ့သည့် လမ်းသွားလမ်းလာတစ်ဦးကကလေးများ စကိတ်စီးနေကြသည်ကို မြင်တွေ့ရခဲ့ပြီး ကွင်းမပိတ်ထားဟုလည်း ဆိုသည်။
အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ရိုက်နှက်ခံရသည်ဟူသော သတင်းများထွက်ပေါ်နေမှုကြောင့်အပျော်တမ်း စက်ဘီး Fixed Gear စီးသူလူငယ်များအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အပျော်တမ်း Fixed Gear ဘီးစီးသူလူငယ်များ ယခင်ကထက် များပြားလာပြီး အပတ်စဥ် တနင်္ဂနွေနေ့တိုင်း အုပ်စုဖွဲ့၍နေရာအနှံ့ လှည့်လည်စီးနင်းလေ့ရှိကြသည်။