အလွန့်အလွန်အားကောင်းသည့် မိုခါမုန်တိုင်းကြောင့်ရခိုင်ပြည်နယ်အတွင်းရှိ စစ်ရှောင်စခန်းများအနေဖြင့် ပျက်စီးမှုများရှိခဲ့ပြီး စစ်ရှောင်အပြင်လေဘေးပါ ရှောင်နေရသည့် ပြည်သူများအနေဖြင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်းသိရသည်။
ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိစစ်ရှောင်စခန်းပေါင်း ၁၃ ခုမှစစ်ဘေးရှောင်များအနေအား မုန်တိုင်းမတိုင်ခင်ကတည်းကပြောင်းရွှေ့နိုင်ခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ကမုန်တိုင်းမဝင်ခင်ကတည်း ရခိုင့်တပ်တော်ရဲ့ ကူညီမှုနဲ့ ဘေးလွတ်ရာကိုပြောင်းရွှေ့နိုင်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရတာတွေနဲ့ အသေအပျောက်တွေတော့ မရှိပေမယ့်ကိုယ့်ရဲ့ စစ်ရှောင်စခန်းကို ကိုယ်မပြန်နိုင်သေးဘူး။ စခန်းက ပျက်စီးသွားတော့ပြန်လည်ပြုပြင်ဖို့ လိုအပ်နေတာရယ် စားနပ်ရိက္ခာရော ဆေးဝါးရော အကုန်လုံးက လိုအပ်နေတယ်။အခုတော့ မုန်တိုင်းမတိုင်ခင်ကတည်းက ပြောင်းလာရတဲ့ ဘုန်းကြီးကျောင်းမှာပဲနေရသေးတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိအကြီးဆုံးစစ်ရှောင်စခန်းဖြစ်သည့် တိန်ညိုစစ်ရှောင်စခန်းနှင့်ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ ဂဏန်းတောင်စစ်ရှောင်စခန်းတို့သည် ရာနှုန်းပြည့်နီးပါး ပျက်စီးသွားခဲ့ကြောင်းလည်းသိရသည်။
“ တိန်ညိုစစ်ရှောင်စခန်းက၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားတယ်။ တခြားစစ်ရှောင်စခန်းတွေလည်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားတာ အများကြီးရှိတယ်။ အထိအခိုက်ရှိတယ်လို့တော့မသိရ သေဘူး။ စစ်ရှောင်တွေကတော့ ဘေးလွတ်ရာမှာ နေပေမယ့် စခန်းကိုတော့ အခုထိမပြန်နိုင်ကြသေးဘူး။အဆောက်အအုံတွေကအကုန်ပြိုပျက်ကုန်တာဆိုတော့” ဟု မြောက်ဦး သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့်တိန်ညိုစစ်ဘေးရှောင်စခန်းအတွင်း တည်ဆောက်ထားသည့်နေအိမ်များ ပြိုကျပျက်စီးခဲ့ပြီးစခန်းအတွင်း ရေ၀င်ရောက်မှုများလည်း ရှိခဲ့ကြောင်းသိရသည်။
“ တိန်ညိုစစ်ရှောင်စခန်းကတော့ရာနှုန်းပြည့် ပျက်စီးသွားတယ်။ ဂဏန်းတောင်စစ်ရှောင်စခန်းရောပဲ။ စစ်ရှောင်ရောလေဘေးရှောင်ရော နှစ်ခုရှောင်ရတဲ့ ပြည်သူတွေကတော့ အခုလက်ရှိ ခိုနေတဲ့ နေရာမှာပဲခိုနေရတုန်းပဲ။ စစ်ရှောင်တွေက နှစ်ဆင့်ဒုက္ခရောက်တာပေါ့။ တခြားသူတွေထက်ပိုပြီးဒုက္ခရောက်တာပေါ့။ ကြိုတင်ပြောင်းရွှေ့နိုင်ခဲ့တာဆိုတော့ စစ်ရှောင်တွေအနေနဲ့လူအသေအပျောက်တော့ မရှိပါဘူး” ဟု ရခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခက MPA သို့ ပြောသည်။
တိန်ညိုစစ်ရှောင်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့နှင့်ရက္ခိုင့်တပ်တော် (AA) အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ်မှ စတင်ကာ တိကျေးရွာပေါင်း ၁၀ရွာခန့်မှ ဒေသခံ ၃,၀၀၀ ကျော် လာရောက် စစ်ဘေးရှောင်ကာ နေထိုင်လျက်ရှိသည့်စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။



