ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၆/အနောက်ရပ်ကွက် ဇဗ္ဗူသီရိ ၄ လမ်းထိပ်တွင် ယမန်နေ့ မေလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်က အမျိုးသားတစ်ဦး ပြင်ပထိခိုက်ဒဏ်ရာ မရရှိဘဲ သေဆုံးနေကြောင်း စုံစမ်း သိရှိရသည်။
ဖြစ်စဉ်မှာ အသက် ၅၀ အရွယ်ခန့် အမျိုးသားသည် ဇဗ္ဗူသီရိ ၄ လမ်းထိပ်ရှိဆိုင်တွင် ထိုင်နေရာမှ ရုတ်တရက် လဲကျသေဆုံးသွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှသိရှိရသည်။
” ကျနော်တို့ မနေ့ကသစ်ပင်လဲတာရှင်းနေတဲ့အချိန် လူတယောက်ထိုင်နေရင်းကနေလဲကျသွားတယ်လို့ ဖုန်းဆက်တော့ သွားတယ်၊ ရောက်တဲ့အချိန်ကျ သေဆုံးနေပြီ” ဟု ၎င်းတို့ထံမှ သိရှိရသည်။
သေဆုံးသူ၏အမည်နှင့် နေရပ်လိပ်စာကို စုံစမ်းဆဲဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် သေဆုံးသွားသည်ကိုတော့ မသိရှိရသေးကြောင်း၊ သေဆုံးသွားသူ အမျိုးသားရုပ်အလောင်းအား အောင်နိုင်သူအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။



