ချင်းပြည်နယ်ရှိ ပြည်သူအချို့အနေဖြင့် စစ်ကောင်စီ၏ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုကြောင့် လက်ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်း သတင်းနှင့် ပတ်သက်ပြီး သိရှိမှုအားနည်းနေကြောင်း ချင်းပြည်နယ်၊ မင်းတပ်မြို့ ဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်မှုကြောင့် ချင်းပြည်နယ်ရှိ ဒေသတစ်ခုမှ ဒေသတစ်ခုသို့ သတင်းအချက်အလက်များမျှဝေရာတွင် ခက်ခဲမှုများရှိနေပြီး လက်ရှိတွင် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက လက်လှမ်းမီသလောက် ဒေသခံများထံသို့ သတင်းအချက်အလက်များ မျှဝေနေရသည်ဟု စုံစမ်းသိရှိရသည်။
“၂၀၂၁ ခုနှစ်စက်တင်ဘာလကတည်းက ဖုန်းလိုင်းအဖြတ်ခံလိုက်ရတာ။ မုန်တိုင်း ဗဟိုလမ်းကြောင်း ဖြတ်သွားမယ့် လမ်းကြောင်းမှာ မင်းတပ် လည်း ပါနေပါတယ်။ မနေ့က စပြီး 2G ဖုန်းလိုင်းတွေ ပြန်ရတယ်။ ဆက်သွယ်ရေးအခက်အခဲကြောင့် တချို့ ပြည်သူတွေ မုန်လာတိုင်း လာမှာကို မယုံကြပါဘူး”ဟု မင်းတပ်ဒေသခံတစ်ဦးက MPA သို့ရှင်းပြသည်။
လက်ရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ စိုးရိမ်ရသည့်အထဲတွင် ရခိုင်ပြည်နယ်နှင့်ကပ်လျက် ချင်းပြည်နယ်လည်း ပါဝင်နေသည်။
NLD အစိုးရလက်ထက်က ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “လက်ရှိလမ်းကြောင်း၊ လက်ရှိမိုးရေချိန်တွက်ချက်မှုများအရ ဟားခါးမြို့၊ ရုန်းတောင်ခြေနဲ့ ကျောဘုတ်ဘက်မှာ မေလ ၁၄၊ ၁၅၊ ၁၆ ရက်များအတွင်း မြေပြိုနိုင်ခြေရှိပါတယ်။ ၁၅ ရက်နေ့ ပိုဖြစ်နိုင်ခြေများပါတယ်။ ခန့်မှန်းခြေ ပြိုနိုင်ခြေနေရာများကို ပညာရှင်များရဲ့ အကူအညီနဲ့ စောင့်ကြည့်လေ့လာနေဆဲဖြစ်ပါတယ်။ ရုန်းတောင်ခြေ impact zone အတွင်းရှိ လူနေအိမ်များ (အထူးသဖြင့် မြို့ဟောင်းဘက် ခြမ်း) သတိထားရပါမယ်။ ဖြစ်နိုင်လျင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနဲ့ မသန်စွမ်းသူများ၊ နေမကောင်းသူများကို impact zone အပြင်ဘက်ကို ရွှေ့ပြောင်းထားသင့်ပါတယ်။ ၂၀၁၅ မြေပြိုမှု အတွေ့အကြုံကို အခြေခံပြီး ပြင်ဆင်ထားသင့်ကြောင်း အသိပေး နိုးဆော်အပ်ပါတယ်။ ဘာမှမဖြစ်လျင် အကောင်းဆုံးပါ။ ဘာမှမဖြစ်ဖို့လည်း ဆုတောင်းနေပါတယ်ခင်ဗျား”ဟု ရေးတင်အသိပေးထားသည်။
အရပ်ဘက်မိုးလေဝသစောင့်ကြည့်သူများ၏ ခန့်မှန်းချက်များတွင် မေလ ၁၄ ရက် နံနက်အစောပိုင်းတွင် စစ်တွေမြို့ တဝိုက်မှတဆင့် ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဝင်ရောက်မည်ဟု အသိပေးထားသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မည့် ရခိုင်ပြည်နယ်၊ မြို့နယ်အချို့မှ ဒေသခံများသည်လည်း လက်ရှိအထိ ရွှေ့ပြောင်းမှုများပြုလုပ်လျက်ရှိသည်။
မိုခါဆိုင်ကလုန်း မုန်တိုင်းဗဟိုပြုနေသည့် ဒေသမှ ပြည်သူများအား ဘေးလွတ်ရာကို တိမ်းရှောင်ကြရန် မိုးဇလနှင့် မိုးလေဝသစောင့်ကြည့်လေ့လာသူများက တိုက်တွန်းနှိုးဆော်ထားသည်။