ပဲခူးတိုင်း၊ပေါင်းတည်မြို့နယ်အတွင်းရှိ ဘန်ဘွေးကန်ကျေးရွာတွင် ကင်းစောင့်နေသည့် စစ်သားများ အလစ်အငိုက်ပစ်ခတ်ခံရပြီး ၁ဦးသေဆုံးသွားကြောင်း Bago Region PDF ကထုတ်ပြန်သည်။
ဘန်ဘွေးကန်ရွာတွင် အင်အား၄၀ခန့်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားပြီး မေလ ၁၀ ရက်နေ့ ညနေ ၄နာရီခွဲခန့်၌ ကင်းစောင့်နေသော စစ်သားများကိုPDF တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“သူတို့ရွာအရှေ့ဘက်ကုန်းမှာ ကင်းစောင့်နေတာ ၁၀ ယောက်လောက်ရှိမယ်။ကျနော်တို့ ၃၆၀၁ နဲ့ ၃၆၀၂ တပ်ရင်း ၂ ရင်းက ရဲဘော်တွေသွားပစ်တာ လဲကျသေဆုံးတယ်။ကျနော်တို့က ပစ်ပြီးတာနဲ့ ပြန်ဆုတ်လာတာ။သူတို့ဘက်က ဟိုပစ် ဒီပစ်တော့လုပ်လိုက်သေးတယ်”ဟု PPDF တပ်ရင်း ၃၆၀၁ မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကပြောသည်။
ယင်းပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် စစ်သားကို ဘန့်ဘွေးကန်ရွာအနီး၌ မေလ ၁၁ ရက်၊ နံနက် ၆နာရီခွဲခန့်တွင် မီးရှို့သင်္ဂြိုလ်လိုက်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း-၃၆၀၁၊တပ်ခွဲ(၃) Paungde People’s Defense Forceနှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ ညနေ ၇ နာရီမိနစ်၄၀ခန့်တွင်လည်း ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာ အရှေ့ဘက်၌ ကင်းပုန်းဝပ်နေသော စစ်သားများကိုPDFတပ်ဖွဲ့က ၆၀ (မမ) ဗုံးသီး ၂ လုံး၊ M 79နှင့် ၁ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
စစ်သား သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
“စစ်သားတွေက ရွာတွေမှာ အုပ်စုခွဲနေတာ။ရုပ်ဆိုင်မှာ ၄၀၊ဘန့်ဘွေးကန်မှာ ၄၀ ၊သစ်ပုတ်တာဝါတိုင်မှာ ၂၅ ယောက်လောက်ရှိတယ်။ရုပ်ဆိုင်ရွာမှာ နေအိမ်တွေမှာနေတာရှိတယ်။သင်္ချိုင်းကုန်းမှာ နေတာလည်းရှိတယ်။ကျနော်တို့ သင်္ချိုင်းကုန်းမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေကိုပစ်တာ။သူတို့ဘက်က ၅ ချက်လောက်ပြန်ပစ်သေးတယ်”ဟု တိုက်ဂါးစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊တပ်ခွဲ-၂ တိုက်ဂါးစစ်ကြောင်း ကပြုလုပ်ခဲ့ခြင်းဖြစ်သည်။