စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ၊ ရဲနှင့် ပျူစောထီးတပ်ဖွဲ့ များ စုဝေးသောနေရာကို မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၅မိနစ် အချိန်က ဒရုန်းဖြင့် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်မှ ၆ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက MPA ကို ပြောသည်။
” Drone နဲ့ ဗုံးသီး ၄ လုံးတပ်ပြီးတော့ သူတို့ငွေတောင်းနေတဲ့နေရာ စစ်တပ်ရော၊ ရဲရော၊ ပျူရော ၁၅ ယောက်လောက်ရှိတဲ့ နေရာတည့်တည့်ကို ဗုံး ၂ လုံးကျသွားတယ်။ ၂ လုံးက ဘေးဘက်ကိုကျတယ်”ဟု ကိုတက်ကြီးက ရှင်းပြပါသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် ရဲနှင့် ပျူစောထီးတပ်များသည် ပြည်သူများထံမှ မတရားငွေကြေးကောက်ခံနေခြင်းအတွက် ယခုကဲ့သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
” ဒဏ်ရာရတဲ့သူတွေကို သူတို့နားတဲ့နေရာပေါ့၊ တိုက်လေးထဲကို ဆွဲခေါ်သွားပြီး တံခါးပိတ်သွားတယ်။ အဲ့ဒီတိုက်ထဲကနေ ဒဏ်ရာရတဲ့သူတွေ အော်တဲ့အသံတွေရော အကုန်ကြားနေရတယ်” ဟု ကိုသက်ကြီးက ရှင်းပြသည်။
ထို တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၇) မြင်းခြံခရိုင် နဂါးနီတပ်ရင်း၊ တပ်ရင်း (၁) ကျောက်ဆည်ခရိုင်နှင့်အတူ တပ်ရင်း (၁၅) ရွှေဘိုခရိုင်၊ ဆားတောင်မိုးကြိုးအဖွဲ့နှင့် နယ်မြေခံအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။