စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်အတွင်းစစ်ကောင်စီတပ်သားများကို မိုင်း၃ကြိမ်ဆွဲပြီး တစ်ကြိမ်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၅ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မေလ၉ရက်နေ့ ၊ညနေ ၅နာရီခွဲခန့်က ချောင်းဦးမြို့နယ် ၊နတ်ရေကန်ကျေးရွာအထိုင်စခန်းမှ မိုင်းရှင်းထွက်လာသော စစ်သား အင်အား ၂၀ခန့်ကို ငါးယှန်ကျေးရွာအနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရသည်။
မေ၉ရက်နေ့၊ညနေ၄နာရီခွဲတွင်လည်း ချောင်းဦးမြို့နှင့် အောင်ချမ်းသာကျေးရွာကြား မိုင်းရှင်းရန် ခြေလျင်ထွက်လာသော စစ်သားအင်အား ၃၀ခန့်ကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၄ (မိုင်းတပ်ခွဲ)က မိုင်းဆွဲခဲ့ရာ စစ်သား၄ဦးသေဆုံးကာ ၅ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အယောက် ၃၀လောက်တော့ရှိတယ်။ သူတို့က ချောင်းဦးမြို့နဲ့ အောင်ချမ်းသာရွာကြားကို မိုင်းရှင်းဖို့ထွက်လာတာကို ကျွန်တော်တို့ တပ်ရင်း ၆နဲ့ မိုင်းတပ်ခွဲတို့က ရဲဘော်တွေ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခဲ့တာ။ စကစတွေက ခြေလျင်စစ်ကြောင်းထိုးလာကြတာ ချောင်းဦးနဲ့ အောင်ချမ်းသာရွာကြားမှာ တစ်ခါ၊ ချောင်းဦးမြို့ ဘောလုံးကွင်းအနားမှာ တစ်ခါ စုစုပေါင်း ၂ကြိမ် တိုက်ခဲ့တာပါ၊ ၂ကြိမ်လုံးကိုလည်း ၃လုံးပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲခဲ့တာပါ။” ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကို မုံရွာခရိုင် တပ်ရင်း ၆ နှင့် ချောင်းဦးမြို့နယ် ပကဖ – Chaung U People Defence Force (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ)တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “၃လုံးပဒေသာမိုင်း ၃ခိုင်နဲ့ ကျွန်တော်တို့က ၂ကြိမ်ထိ မိုင်းဆွဲခဲ့တာပါ။ ဒီမိုင်းတွေက မိုင်းကွင်းထဲရောက်လို့ မိုင်းဆွဲခံရရင်တော့ မသေရင်တောင် အကောင်းတိုင်းတော့ ပြန်ထွက်မသွားရပါဘူး”ဟု ၎င်းက ပြောသည်။
မေလ၉ရက်နေ့ နံနက်ပိုင်းတွင်လည်း ချောင်းဦးမြို့နယ်အတွင်း ဈေးဝယ်ထွက်လာသော စစ်သားများအား ချောင်းဦးမြို့နယ် ပကဖ ဦးစီး CHUPDF တပ်ခွဲ (၂) မှ ရဲဘော်များ ကစောင့်ကြိုတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးပြီး ကာဘိုင်သေနတ် ၁လက်၊ ကျည်အိမ် ၁ခုနှင့် ကျည် ၁၄တောင့်ကို သိမ်းဆည်းရမိခဲ့သေးသည်။
စစ်ကောင်စီတပ်သားများသေဆုံး၊ဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။


