မြဝတီ-ရန်ကုန် လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ဂိတ်စခန်းများချကာ ခရီးသည်များကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။
မြဝတီ-ရန်ကုန်သို့သွားသည့် ခရီးသည်တင် Express ကားများကို စစ်ဆေးရေးဂိတ်ကြီး ၈ခုထက်မနည်းချကာ ခရီးသည်များ၏ မှတ်ပုံတင်များအား အဓိကထားစစ်ဆေးလျက်ရှိကြောင်း မြဝတီမှရန်ကုန်သို့ ယခုရက်ပိုင်းအတွင်းသွားခဲ့သည့် ခရီးသည်တစ်ဦးကပြောသည်။
“ အခုက Expressကားတွေပြန်ဖွင့်နေပါပြီ။အာရှလမ်းပိုင်းကပဲသွားရတာ။မြဝတီကနေ ဘားအံအထိကို စစ်သားဂိတ်ကြီး လေးဂိတ်ရှိတယ်။မှတ်ပုံတင်ကို အဓိကစစ်တာပေါ့။သူတို့ဆီက စာရွက်တွေနဲ့ တိုက်စစ်တာတွေ့တယ်။ဘားအံအထွက်နားမှာတော့ ဖုန်းတွေကို ယူပြီး စစ်တာရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီဂိတ်များ၌ ခရီးသည်များ၏ မှတ်ပုံတင်ကို စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူများအား သီးသန့်ခေါ်ဆောင်စစ်ဆေးပြီး အရေးယူစရာမရှိပါကလည်း မြန်မာငွေကျပ် ငါးထောင်မှ တစ်သောင်းအထိ တောင်းကြောင်း ခရီးသည်တင်ကားဖြင့် မြဝတီသို့ ယနေ့လာရောက်သူတစ်ဦးကပြောသည်။
“ စစ်တာကတော့ အသေပဲ။ဖုန်းထဲမှာ ချဲစာရွက်တွေတွေ့တဲ့သူကျ နောက်မလုပ်ဖို့ပဲမှာတယ်။၁၃/၊၁၄/နှင့် ၅/ မှတ်ပုံတင်ကိုင်တဲ့သူတွေဆိုရင်တော့ အနည်းဆုံးငါးထောင်ပဲ။၁၈နှစ်ပြည့် မှတ်ပုံတင်မလဲရသေးရင်လည်း ငါးထောင်တောင်းတယ်။ဒါတစ်ဂိတ်တည်းမဟုတ်ဘူး။လေးဂိတ်လုံး ပေးခဲ့ရတာ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်နှင့် စစ်တပ်လက်အောက်ခံ BGFတပ်ဖွဲ့များသည် ခရီးသည်တင်ကားများနှင့် ခရီးသည်များတင်မက ဘဲ ကားတိုင်းကိုပင် အကြောင်းအမျိုးမျိုးပြကာ ဆက်ကြေးသဖွယ် ငွေကြေးတောင်းခံလျက်ရှိသည်။