ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော တပ်ကို ဒေသကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၄၀ (မမ) ဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မေလ ၂ ရက်နေ့၊ ညနေ ၃နာရီမိနစ်၄၀ခန့်တွင် တာဝါတိုင်ကျေးရွာစခန်းကုန်းပေါ်သို့ ချောင်းစောက်ရွာဟောင်းနှင့်ကိုင်းချိုးကြီးရွာဘက်မှ စစ်ကြောင်း ၂ ကြောင်းခွဲ၍ အင်အား၈၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းBago Region PDF ကထုတ်ပြန်ထားသည်။
ကိုင်းချိုးကြီးရွာဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို မိုင်းကွင်းအရောက်တွင် ပဒေသာမိုင်း ၇ လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၄၀ (မမ) ဗုံးသီး ၅လုံးပစ်ခတ်ခဲ့ကြောင်း ဗုံးသီး ၁ လုံးသည် စစ်သားများရှိရာသို့ တည့်တည့်ကျရောက်ခဲ့ရာ ဒဏ်ရာရသူလည်း များပြားခဲ့ကာ ၄၀ (မမ) ဗုံးသီး ၆ လုံးလည်း သိမ်းဆည်းရမိကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ-၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) ထံကသိရသည်။
“တာဝါတိုင်စခန်းကုန်းကို ပြန်သိမ်းတဲ့သဘော။ကျနော်တို့က တာဝါတိုင်စခန်းကို အပြတ်ဆော်ချင်တာ။ခက်တာက ရေရှည်တောင့်ခံပြီး မပစ်နိုင်ဘူး။လက်နက်ကလည်း ခုထိချမပေးသေးဘူး။ကြာလာရင် တောထဲမှာပဲ ကျဆုံးကုန်တော့မှာ။သူတို့က တာဝါတိုင်စခန်းကုန်းကို ပြန်သိမ်းနိုင်ရင် စစ်ရေးအရ အားသာမှာ။ကျနော်တို့က မိုင်းကြိုထောင်ထားတော့ မိုင်းကွင်းအရောက်မှာ မိုင်းလည်းဆွဲ၊ ၄၀ (မမ) နဲ့လည်းပစ် အဲ့လိုလုပ်တာ။မိုင်းဆွဲလိုက်တော့ ဝရုန်းသုန်းကားဖြစ်သွားတယ်။အဲ့ဒီအချိန် ၄၀ (မမ)နဲ့ ၅ ချက်ပစ်တာ။ ၁ ချက်က ဒီကောင်တွေပေါ်ကျတော့ သေကုန်ကြတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)မှ တာဝန်ခံ ဗိုလ်တောက်တဲ့ ကပြောသည်။
ချောင်းစောက်ရွာဟောင်းဘက်မှ တက်လာသော စစ်ကြောင်းကို PDF ရဲဘော်များက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအပြီးစစ်ကောင်စီစစ်ကြောင်းသည် ဝိုင်းရွာရှိ ရဲကင်းစခန်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး လက်နက်ကြီးဖြင့် ပစ်ကူပေးကာ အင်အား ၁၅ ဦးခန့်ဖြင့် လာရောက်ကင်းထောက်သွားခဲ့သေးသည်။
ဝိုင်းရွာရဲကင်းစခန်းနှင့်တာဝါတိုင်ရွာသည် ၂ မိုင်ခန့်သာကွာဝေးသည့်အတွက် စစ်ကောင်စီတပ်များ ထပ်မံစစ်ကြောင်းထိုးလာနိုင်ကြောင်း ဗိုလ်တောက်တဲ့ ကဆိုသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။