ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့နယ်၌ ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFကထုတ်ပြန်သည်။
ဧပြီလ ၄ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ကညွတ်ကွင်းမြို့နယ်အတွင်းရှိ၊ရန်ကုန်-မန္တလေးအမြန်လမ်း၊ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ကညွတ်ကွင်းတံတားအနီးတို့၌စစ်ကောင်စီတပ်နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁ တို့ကြားတိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲက ရက်ဆက် ပြင်းထန်တယ်။အပြန်အလှန်ပစ်ခတ်တာရော၊မိုင်းဆွဲတာရောပေါ့။စစ်သားတွေလည်းသေတာများတယ်။ကျနော်တို့ တပ်ခွဲက ရဲဘော်ဖိုးချစ်(ရဲဘော်ချစ်မျိုးဝေ) နဲ့ ကျန် ၂ ဦး ကျတယ်။ဖိုးချစ်ကတိုက်ပွဲအတွင်းမှာကျတာ။အရှင်မိသွားတာဖြစ်ဖို့များတယ်။သေနတ်သံ ၃ ချက်နဲ့ သူ့အော်သံ ကြားလိုက်ရတယ်။ကျန်တဲ့ ၂ယောက်က ပြင်းထန်ဒဏ်ရာရပြီး ပြန်သယ်တဲ့ လမ်းမှာကျဆုံးသွားတာ။ရဲဘော်ဖိုးချစ်ရဲ့ အလောင်းကိုတော့ ပြန်မရဘူး”ဟုပဲခူးခရိုင် PDF ၊တပ်ရင်း ၃၇၀၁၊တပ်ခွဲ-၆ မှ ရဲဘော်တစ်ဦးကပြောသည်။
ဧပြီ ၁၀ ရက်နေ့၊ ကညွတ်ကွင်းတံတားအနီးတိုက်ပွဲ၌ ပဲခူးခရိုင် PDF၊တပ်ရင်း၃၇၀၁မှ ရဲဘော်ဖိုးချစ်(ချစ်မျိုးဝေ)၊ရဲဘော်ဘိုဘိုအောင်နှင့်ရဲဘော်တင့်လွင်တို့ ၃ ဦးကျဆုံးခဲ့သည်။
ဧပြီလ ၂၄ ရက်နေ့တွင် ကျဆုံးခဲ့သည့်ရဲဘော် ၃ ဦး၏ စျာပနအခမ်းအနားနှင့် ရေစက်သွန်းချ အမျှဝေခြင်းပြုလုပ်ခဲ့ကြောင်း Bago Region PDF မှထုတ်ပြန်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
မတ်လအတွင်းမှ စ၍ ပဲခူးအရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် PDF တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။