ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့အား မေလ ၂ ရက်နေ့၊ ညနေ ၆ နာရီခန့်က စစ်ကောင်စီ၏ K8-W အမျိုးအစား တိုက်လေယာဥ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး အသက်သေဆုံး၍ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
“လေယာဥ်လာမကြဲခင်တော့ ထိတွေ့မှုအသေးစားလေးတွေတော့ ရှိတယ်ဗျ။ တိုက်ပွဲသတင်းအတိအကျကိုတော့ သတင်းထုတ်ပြန်ခွင့်မရှိသေးပါဘူး”ဟု တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယောနသံဒရုန်းတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ မြေပြင်စခန်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြေပြင်၊ ဝေဟင် နှစ်ဘက်ညှပ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သပြေညွန့်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဥ်နှစ်စင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တယ်။ မြေပေါ်ရော လေပေါ်ရော ကြောက်နေရတာပေါ့”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွဲလမ်းကျေးရွာမှ အသက် (၃၀) အရွယ် ကိုရဲစိုးအောင်၊ အသက် (၂၂) အရွယ် မစုလှိုင်အေးနှင့် အသက် (၃၀) အရွယ် မလဲ့လဲ့ခိုင်တို့ ၃ ဦး သေဆုံးပြီး အသက် (၅၅) နှစ်အရွယ် ဦးညွန့်မောင်၊ အသက် (၂၂) နှစ်အရွယ် မောင်ထွန်းဝင်းနှင့် သရက်တန်းရွာမှ အသက် (၁၂) နှစ်အရွယ် မပိုးအိသိမ့်တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။