မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း စစ်ရေးအရှိန်အဟုန်ကို မြှင့်တင်ပြီဟု Kyaikhto Revolution Force-KRF က ထုတ်ပြန် လိုက်သည်။
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိပြည်သူများ မဖြစ်မနေသိရှိလိုက်နာရန်ဟုဆိုကာ KRF က ကြေညာချက်ထုတ်ပြန်ခဲ့ရာ၌မေ၁ရက်နေ့မှစ၍ စစ်ရေးအရှိန်မြှင့်တင်ပြီဟု ဖော်ပြထားသည်။
ထို့ကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများ၊ဌာနဆိုင်ရာ အဆောက်အအုံများနှင့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ၊သတင်းပေးများ၊စစ်ကောင်စီအဖွဲ့များတပ်စွဲထားသောနေရာများ၊စစ်ကောင်စီအဖွဲ့ဝင်များ နားခိုရန်ခွင့်ပြုပေးထားသော တည်းခိုခန်းများ၊ဟိုတယ်များ၊စားသောက်ဆိုင်များနှင့် စစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေထိုင်ပေးကြရန် KRFက ထုတ်ပြန်ထားသည်။
“အဓိက ကတော့ ပြည်သူကို မထိခိုက်စေချင်လို့ ထုတ်ပြန်လိုက်တာပါ။လိုက်နာခြင်း၊ မလိုက်နာခြင်းက ပြည်သူတစ်ဦးတိုင်းရဲ့ အသိတရားနဲ့သက်ဆိုင်ပါလိမ့်မယ်။ဘယ်ပြည်သူတစ်ယောက်ကိုမှ ထိခိုက်တာမျိုး ကျနော်တို့အလိုမရှိပါဘူး။နောက်တချက်က ကျိုက်ထိုမြို့ကို လာရောက်လည်ပတ်တဲ့သူတွေကိုလည်း သိစေချင်ပါတယ်”ဟု KRF တာဝန်ရှိသူတစ်ဦးကပြောသည်။
ယင်းထုတ်ပြန်ချက်သည် ပြည်သူများကို ထိတ်လန့်စေရန် ထုတ်ပြန်ခြင်းမဟုတ်ဘဲ တော်လှန်ရေးအင်အားစုများ အများဆုံးကြုံတွေ့ရသည့် အခက်အခဲများကိုပြည်သူလူထုထံတင်ပြခြင်းနှင့်ပြည်သူများလိုက်နာရန်သာဖြစ်ကြောင်းလည်း ဆိုသည်။
“စကစ လက်အောက်ခံတွေနဲ့ နီးနီးကပ်ရှိနေတဲ့အခါ ကျနော်တို့အနေနဲ့ mission တွေဖျက်သိမ်းလိုက်တာမျိုးတွေရှိတယ်။mission တစ်ခါလုပ်ဖို့ လနဲ့ချီအချိန်ယူရတယ်။လူပင်ပန်းတယ်။ငွေကုန်တယ်။ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သေချာဖတ်ရှုပေးကြပါ။စကစ တွေနဲ့ဝေးဝေးမနေရင်တော့ missionမဖျက်တော့ဘူး”ဟု၎င်းကဆိုသည်။
KRF သည် ဒေသတွင်းတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ ဧပြီလ ၂၉ ရက်နေ့က ဘီးလင်းမြို့နယ်၊သပြေကျေးရွာရှိ စစ်ကောင်စီ၏ သံတံတားစခန်းကို ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုနေ့တွင်ပင် ကျိုက်ထိုမြို့နယ် ၊ကင်မွန်းချောင်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ရဲစခန်းမီးလောင်ပျက်စီးသွားခဲ့သေးသည်။