ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် အမျိုးသားတစ်ဦး ပြင်ပထိခိုက်ဒဏ်ရာမရှိဘဲ လဲကျသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၃၀ ရက် ယမန်နေ့ ညနေ ၆ နာရီ၀န်းကျင်ခန့် အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့(B.P.I) ဆေးဝါးစက်ရုံလမ်းတွင် အသက် ၄၀ ဝန်းကျင်ခန့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကြားသိရသည့်အတွက် သွားရောက်ကူညီပေးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရှိရသည်။
“ ကျနော်တို့ကိုခေါ်တာကတော့ ညနေ ၆:၂၀ အချိန်ကပဲ၊ သေဆုံးသွားတဲ့အကြောင်းက အပူရှိန်လွန်ကဲပြီး သေသွားတာလို့တော့ ဆရာ၀န်တွေက ကောက်ချက်ချလိုက်တယ်” ဟု ၎င်းတို့ထံမှသိရှိရသည်။
သေဆုံးသွားသူမှာ အိမ်ခြေရာမဲ့တစ်ဦး ဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ မသိရှိသေးကြောင်း၊ သေဆုံးသူ ရုပ်အလောင်းကို PR-017 နံပါတ်ဖြင့် အင်းစိန် ရင်ခွဲရုံသို့ စနစ်တကျထုတ်ပိုး ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ ဖြစ်ရပ်မျိုး ဧပြီ ၂၉ ရက်နေ့တွင်လည်း အင်းစိန်မြို့ ဖော့ကန်တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေရည်သောက်စားပြီး ရာသီဥတု အပူရှိန်ကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။


