တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကလေးငယ်တစ်ဦး ၏လည်ပင်းကိုထိမှန်ခဲ့ကြောင်းသိရသည်။
ယနေ့ (ဧပြီ၂၄)မွန်းလွဲ ၂နာရီခန့်က ပုလောမြို့နယ်၊ဂျင့်ဂါရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ခု၂၄ရက်နေ့၂ချက်ထိုးလောက်မှာ ဂျင့်ဂါရွာက သမီးငယ်တစ်ဦး လည်ပင်းထိသွားတယ်။လက်နက်ကြီး စထိသွားတာ။စစ်ကောင်စီဘက်က ရမ်းပစ်တာ။သေနတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ဒီနေ့ ဘာတိုက်ပွဲမှ မရှိပါဘူး” ဟု ၎င်းကပြောသည်။
အဆိုပါကလေးငယ်မှာ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၃ရက်နေ့၊မွန်းလွဲ ၃နာရီခန့်ကလည်း ပုလောမြို့နယ်အခြေစိုက် ၂၈၅ တပ်ရင်းမှ သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သဖြင့် မန်ကျည်းကုန်းကျေးရွာနေ အမျိုးသားကြီးတစ်ဦး၏ ခြေထောက် ကျည်ထိမှန်ဒဏ်ရာရခဲ့သေးသည်။
“ ထိသွားတာက မကျည်းကုန်းရွာထဲမှာ ခြေထောက်ထိတာပါ။အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။အခုဆေးကုသမှုခံယူနေတယ်လို့ကြားတယ်” ဟု ၎င်းကပြောသည်။
ဧပြီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ပလမြို့နယ်၊ကြဲရွာမှ သားအဖနှစ်ဦးနှင့်ပတ်သက်ပြီး အဆက်အသွယ်မရသေးကြောင်း MPAက စုံစမ်းသိရသည်။