မကွေးတိုင်းဒေသကြီး၊ ဆောမြို့နှင့် ကျောက်ထုမြို့တို့အားဆက်သွယ်ထားသည့် ကတ္တရာကားလမ်းပိုင်းအား ယနေ့ ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ကန့်သတ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
“ အရင်တပတ်က လောင်းဘိုလေးလမ်းခွဲ၊ အုပ်ချုပ်ရေးရုံးကို သူတို့ (စကစ) လေယာဥ်နဲ့ တိုက်ခိုက်ပြီးကတည်းက တစ်ခါတည်းစစ်ကြောင်းထိုးနေတာကိုး၊ အဲ့ဒါကြောင့် တိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတာ။ ဒါကြောင့်မလို့ ပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ YRA က အသိပေးထားတာပါ” ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးမှ MPA သို့ ပြောသည်။
ထီးလင်းမြို့နယ်၊ လောင်းဘိုလေးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးအား ဧပြီလ၊ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီ၊ မိနစ်၂၀ အချိန်ခန့်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံး၍ ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
အဆိုပါ ပစ်ခတ်မှုအပြီး ယောနယ်တောင်ပိုင်းရှိ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် စစ်ကောင်စီမှ ရွာစဥ်ပတ်စစ်ကြောင်းထိုးနေရာ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“ လောင်းဘိုလေးကို လေယာဥ်နဲ့ပစ်ပြီးကတည်းက ယောနယ်တောင်ပိုင်းမှာ စစ်ကြောင်းထိုးနေတာ။ ထီးလင်းနယ်၊ ကျောက်ထု၊ ဆောမြို့နယ်အားလုံးမှာ ဒီကောင်တွေကစစ်ကြောင်းထိုးနေတာ။ ပြီးတော့ ရွာထဲဝင်ပြီး လူနေအိမ်တွေက ဆန်၊ ဆီ၊ ဆား၊ ရိက္ခာတွေအပြင် အခြားစောင်တို့၊ အဖိုးတန်ပစ္စည်းတို့တင်မကဘူး စိုက်ဖို့မျိုးထားတဲ့ စပါးတွေ၊ မြေပဲတွေကအစ အကုန်သယ်နေတာ” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ယခုအခါ ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်းမပြုလုပ်ရန်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ လိုအပ်၍ ထုတ်ပြန်ထားသည့် သတိပေးချက်များအား ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန် အသိပေးထားသည်။