မန္တလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်ချိန်ကြာမြင့်သည့်အတွက် ဒေသခံများအနေဖြင့် ရေပြတ်လပ်မှုနှင့် ကြုံနေရသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေရရှိမှုလည်း နည်းသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
လျှပ်စစ်မီး တနေ့လျှင် ၄ နာရီသာရရှိသည့် ချမ်းအေးသာဇံမြို့နယ်တွင် ရေပြတ်တောက်မှုတွေကြုံနေရသည်ဟု နေထိုင်သူအမျိုးသားတစ်ဦးကပြောသည်။
“ မြို့ပေါ်ဆိုတော့ ရေက မီးလာမှတင်လို့ရတယ်။ မီးက တစ်နေ့လေးနာရီပဲလာတယ်။ ရသလောက်ရေတင်ရတယ်။ ရေကိုချွေတာသုံးနေရတယ်။နွေရာသီဆိုတော့ ရေတွင်းကလည်း ရေမများတော့ ရေပြတ်လပ်မှုကြုံရတယ်” ဟု အဆိုပါအမျိုးသားက ပြောသည်။
လျှပ်စစ်မီး အချိန်မှန်မရရှိသည့်မြရည်နန္ဒာတိုက်ခန်းတွင်နေထိုင်သည့်ဒေသခံများလည်းရေပြတ်လပ်မှုကိုဆိုးဝါးစွာခံစားနေရသည်ဟုနေထိုင်သူအမျိုးသမီးတစ်ဦးကဆိုသည်။
“ တစ်ရက်ကို တစ်နာရီမီးလာရင် တိုက်ခန်းက လူအကုန်ရေဆွဲတင်ကြတော့ရေလာနည်းတယ်။ ကန်ထဲရေရှိရင် မီးမလာဘူး။ မီးလာရင် ကန်ထဲမှ ာရေမကျန်တော့ဘူး။ မီးကလည်း လူအိပ်ချိန်မှလာတယ်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
မြရည်နန္ဒာတိုက်အိမ်ယာတွင်နေထိုင်သူဒေသခံများ ရေပြတ်လပ်မှု ကြုံနေရသဖြင့် သောက်ရေသန့်ပုံးများ ဝယ်ယူကာ ရေချိုးသန့်ရှင်းရေးလုပ်နေရသည်ဟု လူလတ်ပိုင်းအမျိုးသားတစ်ဦးက ပြောသည်။
“ တခါတလေဆို ဘဝင်တောင်မြင့် ချင်တယ်။ သောက်ရေပုံးဝယ်ချိုးရတယ်။မချိုးလဲ ပုပ်ရုံပဲ ကျန်တော့တယ်။ နေကပူတဲ့အပြင် ရေကမရဘူးဗျာ။ ညတွေလည်းအိပ်မရဘူး။ ထထိုင်နေရတယ်” ဟု အဆိုပါအမျိုးသားကပြောသည်။
မန္တလေးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိတော့သည့်အချိန်မှ စတင်ပြီး ရေပြတ်လပ်မှုတွေကို နေ့စဉ်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။