စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း Taze People’s Defense Force -25 ကယနေ့ ထုတ်ပြန်သည်။
ဧပြီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က တန့်ဆည်မြို့နယ်၊တဆယ်ကျဲကျေးရွာအတွင်း စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ စနိုက်ဘာဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“နဘယ်ငယ်ရွာကနေ တဆယ်ကျဲကျေးရွာဘက်ကို စစ်ကြောင်းဝင်နေတုန်း လက်နက်ကြီးနဲ့ပစ်တာ ၄ ယောက်ပြင်းထန်ဒဏ်ရာရတယ်။ ပြီးမှ ရွာထဲဝင်ပြီး ဒီကောင်တွေ ဝက်ပေါ်စားနေချိန် စနိုက်ဘာနဲ့ပစ်တာမှာ စစ်သား ၂ ယောက်သေတယ်။ ဒါက မျက်မြင်ပါပဲ။သေဆုံး၊ထိခိုက်ဒဏ်ရာရသူတွေကို ဘယ်ကိုပို့သလဲတော့ မသိဘူးဗျ။သူတို့ဘက်က ပြန်ပစ်ခတ်နေတာရယ်။စစ်ကြောင်းကလည်းရှိနေတာရယ်ကြောင့်ပါ။ ရွာထဲမှာရော ရွာနီးချုပ်စပ်ကရွာတွေရော ပြည်သူတွေမရှိကြဘူး။စစ်ရှောင်နေကြရတယ်။စာရင်းအတိအကျတော့ မသိဘူးဗျ။ကျနော်တို့က စစ်ရှောင်ဖို့အတွက် စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းရကတည်းက ကြိုတင်ပြင်ဆင်ထားတာပါ” ဟု ရွှေဘိုခရိုင်တပ်ရင်း-၂၅ သတင်းပြန်ကြားရေးရုံး တာဝန်ခံကပြောသည်။
စစ်သားများသေဆုံးဒဏ်ရာရခြင်းနှင့်ပတ်သက်ပြီး MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းလှည့်လည်ထိုးနေသောကြောင့် တဆယ်ကျဲကျေးရွာအပါအဝင် ရွာ ၁၀ ရွာမှ ပြည်သူများ နီးစပ်ရာများ၌ စစ်ဘေးရှောင်နေရကြောင်းသိရသည်။