စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဒုတိယအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယနေ့ညနေ ၅နာရီ ၂၃မိနစ်က မန္တလေးတိုင်း၊တံတားဦးလေတပ်စခန်းမှ Jet Fighter တစ်စီးရောက်လာကာ ပဇီကြီးရွာကို ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်။
“ ပဇီကြီး ထပ်ပစ်ခံနေရတယ်ဗျာ။အခုပဲ။၅နာရီ ၃၅မိနစ်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့လာပစ်နေတာ” ဟု ၎င်းကပြောသည်။
ယနေ့နံနက်က စစ်ကောင်စီက ဗုံးကြဲပစ်ခတ်သောကြောင့် ပြည်သူ ၁၂၀နီးပါး သေဆုံးခဲ့ရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံက သိရသည်။
“ မနက်က ၇နာရီ၄၅မိနစ်မှာ ပထမအကြိမ်ပစ်တာ။ကယ်ဆယ်ရေးလုပ်ပြီး သေဆုံးစာရင်းက ၁၂၀ဦးနီးပါးရတယ်။အရွယ်မရောက်သေးတဲ့ ကလေးတွေက ၁၆ဦးထက်မနည်း ရှိတယ်။အခုလည်း ထပ်ပစ်ခံနေရပါတယ်” ဟု ၎င်းကပြောသည်။
ယနေ့မွန်းလွဲ ၂နာရီခန့်က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ဗီဒီယိုထဲတွင် “အော်သံလေးတွေကြားရင် ကယ်ပေးကြပါဦး”ဟုဆိုသည့် ကယ်ဆယ်ရေးပြုလုပ်နေသူများ၏ အသံများကို ကြားခဲ့ရသည်။
ဒုတိယအကြိမ် ပစ်ခတ်သည့်အချိန်တွင် ပဇီကြီးရွာအတွင်း ကယ်ဆယ်ရေးပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် ပြည်သူများရှိမရှိ MPAမှ စုံစမ်းမေးမြန်းနေဆဲပြီး မြေပြင်အခြေအနေကို တိတိကျကျမသိရှိရသေးပေ။