မန္တလေးမြို့တွင် လျှပ်စစ်မီးပျက်ချိန် ကြာမြင့်သည့် အခြေအနေများကြောင့် ဒေသခံပြည်သူများ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
” မီးမလာတော့ ရေမတင်ရဘူးလေ။ ရေလုံလုံလောက်လောက်မရတော့ အဝတ်လျှော်ရတာ၊ ရေချိုးရတာ ဘာမှကို အဆင်မပြေဘူး ” ဟု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ပြောပြသည်။
ထိုကဲ့သို့ မီးပျက်ချိန်ကြာမြင့်မှုများရှိနေသည့်အတွက် မန္တလေးမြို့အတွင်း wifi ဖြင့် အွန်လိုင်းသင်တန်းများ တက်ကြရသည့် လူငယ်များအတွက် အဆင်မပြေဖြစ်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် လျှပ်စစ်မီးမမှန်မှုနှင့် မီးလာချိန် နည်းပါသည့်အတွက် အချို့သည် ထမင်းဟင်းကို မီးသွေးမီး အသုံးပြုကာ ချက်ပြုတ်နေရသည်ဟု ဆိုသည်။
” မီးပျက်တာ အကုန်ခက်ခဲတယ်။ ဆိုင်တွေဆိုရင် မီးမလာရင် မီးစက်ခုတ် (မီးစက်မောင်း) ရတာ ဆီဖိုးက အရမ်းစျေးကြီးလွန်းတယ်။ ဝန်ထမ်းတွေက လခ မတိုးတော့ဘူး” ဟု ဖိနပ်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည့် အမျိူးသမီးတစ်ဦးက ပြောပြသည်။
လက်ရှိ မန္တလေးမြို့တွင် လျှပ်စစ်မီးလာချိန်သည် နံနက်နှင့် ညနေ ၂ နာရီစီလာသလို တစ်ခါတရံ အချိန် ၄ နာရီခန့် လာတတ်ပြီး ယင်းအခြေအနေဖြစ်နေသည်မှာ ၅ လခန့် ရှိပြီဟု စုံစမ်းသိရှိရသည်။