တနင်္သာရီတိုင်း၊ လောင်းလုံးမြိုပေါ်တွင် NLDပါတီဝင်တစ်ဦးအပါအဝင် ပြည်သူ ၈ဦး မတရားဖမ်းဆီးခံထားရကြောင်း ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထားဝယ်မြို့မှ လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လောင်းလုံးမြို့မရဲစခန်းမှ ရဲများပူးပေါင်းကာ လောင်းလုံးမြို့ပေါ်ရှိ ပြည်သူ၈ဦးကို မတ်လ ၃၁ရက်နေ့မှ စတင်ကာ ဧပြီ ၂ရက်နေ့အထိ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ အမျိုးသမီး ၅ယောက်နဲ့ အမျိုးသား ၃ဦးအဖမ်းခံရတယ်။ အသက် ၂၀အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါတယ်။ အဖမ်းခံရတဲ့အထဲမှာ သားအမိ ၂ဦးနဲ့ NLDပါတီဝင် မိသားစု သုံးဦး အဖမ်းခံရတယ်။ ကျန်တာတော့ သီးခြားစီ အဖမ်းခံရတာ။ နေအိမ်မှာပဲပေါ့” ဟု ၎င်းကပြောသည်။ ဧပြီလ ၃၁ရက်နေ့ညပိုင်းက လောင်းလုံးမြို့ပေါ်ရှိ အမေနှင့်သားဖြစ်သူကို စတင်ဖမ်းဆီးခဲ့ပြီးမတ်လ ၁ရက်နေ့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ၎င်းတို့နေအိမ်မှာပင် စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့သည်။
မတ်လ ၂ရက်နေ့ နေ့လည်ပိုင်းက NLD ပါတီဝင်အမျိုးသားတစ်ဦးအပါအဝင် ၎င်း၏ဇနီးနှင့် သမီးဖြစ်သူကိုပါဖမ်းဆီးခဲ့ပြီး ယင်းနေ့ညပိုင်းမှာပင် အမျိုးသမီး တစ်ဦးအား ထပ်မံဖမ်းဆီးခဲ့သည်။ စစ်ကောင်စီတပ်နှင့်ရဲတို့သည် လောင်းလုံးမြိုပေါ်ရှိ နေအိမ် ၂၀လုံးခန့်ကို သွားရောက်ရှာဖွေစစ်ဆေးခဲ့သေးကြောင်း DDMSC၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အားလုံးက နေအိမ်မှာပဲဖမ်းခံရတာပါ။တကယ်တော့ လောင်းလုံးမှာ သပိတ်ကရက်ဆက်ရှိနေတဲ့အပြင် မဖမ်းဆီးနိုင်လို့ မဆိုင်တဲ့သူတွေကိုဖမ်းတာပါ။အဖမ်းခံရတဲ့သူတွေက သပိတ်မှာလည်းမပါဘူး။အေးဆေးနေနေတဲ့သူတွေ” ဟု ၎င်းကဆက်လက်ပြောသည်။
ဖမ်းဆီးခံရသူ၈ဦးကို လောင်းလုံးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ယနေ့ညနေ ၅နာရီခွဲအထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးပေ။