ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို ယမန်နေ့က စစ်ကောင်စီမှ လေကြောင်းအသုံးပြု၍ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပေါ် ICNCC ကောင်စီက ပြစ်တင်ရှုတ်ချလိုက်သည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့၊ နံနက် (၉း၃၀) နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး အသက် (၆) နှစ်နှင့် (၉) နှစ်အရွယ် ကလေးသူငယ်နှစ်ဦး အပါအဝင် အရပ်သားပြည်သူ ၈ ဦး (မ – ၅၊ ကျား – ၃) သေဆုံးကာ (၉) နှစ်နှင့် (၁၀) နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ICNCC (ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ) မှ သေဆုံးဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် “ ယခုကဲ့သို့သော အာဏာသိမ်းစစ်ကောင်စီ၏ပြုကျင့်မှုသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းဖြစ်ပြီး၊ လူမဆန်သော လုပ်ရပ်သာဖြစ်သဖြင့် မိမိတို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းနှင့် မိမိတို့ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တစ်ခဲနက် ဆက်လက် ဆန့်ကျင်တော်လှန်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါသည်” ဟု ICNCC က အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ စာရင်းများအရ စစ်ကောင်စီသည် ဒေသအသီးသီးရှိ ပြည်သူလူထုများအား ယခုကဲ့သို့ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိရာ လူ ၅ ဦးနှင့် အထက် သတ်ဖြတ်ခံရသည့် စစ်ကောင်စီ ကျူးလွန်သည့်အမှု ဖြစ်စဉ်ပေါင်း ၆၅ မှုထက်မနည်းရှိပြီး အရပ်သားပြည်သူလူထု ၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတဝန်းတွင် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ချင်းပြည်နယ်တွင် နေအိမ်ပေါင်း ၁,၄၈၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data For Myanmar ၏ စစ်တမ်းကောက်ယူဖော်ပြထားချက်အရ သိရှိရသည်။

