ဂန့်ဂေါမြို့နယ် တောင်ပိုင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ် ခလရ (၅၀) တပ်ဖွဲ့ဝင်များသည် မတ်လ ၂၀ ရက်နေ့တွင် ပန်းထိပ်ရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး အသက်ငါးဆယ်ခန့် အမျိုးသားလူတစ်ဦးအား သတ်သွားခဲ့သည်ဟု ယင်းဒေသခံတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီဘက်မှ ထိုအမျိုးသားအား သတ်ပြီးနောက် အလောင်းကို ပန်းထိပ်ရွာ၊ အနောက်ခြမ်းရှိ ရေတွင်းပျက်တစ်ခုအတွင်း ပစ်ချထားခဲ့သည်ဟုလည်း သိရှိရသည်။ လက်ရှိတွင် နောက်ထပ် ဒေသခံ လေးဦးသည်လည်း ပျောက်ဆုံးလျက်ရှိသည်ဟု ဆိုသည်။ ၎င်းတို့သည် အသက် ၅၀ အရွယ်များဖြစ်ကြပြီး ပန်းထိပ်ရွာသားဖြစ်ကြသည်ဟု သိရှိရသည်။
“ အသတ်ခံရတဲ့သူက ကိုယ့်ရွာကလား သူများရွာကလား မသိဘူး။ အသက်ကတော့ ၅၀ လောက် ရှိတယ်။ ခြေထောက်ကို ကြိုးတုပ်ထားတယ်။ ပြီးရင် ခန္ဓာကိုယ်မှာကလည်း ဒဏ်ရာတွေနဲ့ ရေတွင်းထဲ ပစ်ချထားတာ ကြာသွားတော့ ပုပ်နေလို့ ဘယ်သူမှန်း မသိရဘူး” ဟု ယင်း ဒေသခံက ပြောသည်။
အသတ်ခံရသူအနေဖြင့် စစ်ကြောင်းထိုးနေစဥ် ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးခံရပြီးနောက် အသတ်ခံရသည်ဟု ယူဆရကြောင်းလည်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် စစ်ကြောင်းထိုးနေစဥ်အတွင်း ယင်းဒေသရှိ နွားနှင့် ဝက်များကို သတ်ခြင်း၊ ဘုန်းကြီးကျောင်းမှ စားဆီ ပိဿာချိန် (၅၀၀) နှင့် TV၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်များကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံခံများထံမှ သိရှိရသည်။
ပန်းထိပ်ရွာရှိ ရွာသူရွာသားများသည် မတ်လ ၂၀ ရက်မှ ၂၉ ရက် အထိ ၉ ရက် ဆက်တိုက် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် ကျေးရွာအတွင်းသို့ ရွာခံအများစုအနေဖြင့် ပြန်လည်ဝင်နေကြသည်ဟု စုံစမ်းသိရှိရသည်။